RSS

ဝမ်းနည်းရမှာလား…၀မ်းသာရမှာလား………..???

ဇန်န၀ါရီလဆန်းက ကျွန်တော့် GSM ဖုန်းထဲကို Message တစ်ခု ၀င်လာပါတယ်။

အဲဒါကတော့ Prepaid စနစ်သုံးချင်ရင် Yes လို့ ပြန်ပို့ပေးပါဆိုပြီးတော့ပါ။

ကျနော်လည်း ၀မ်းသာအားရနဲ့ပဲ ပြန်ပို့မိပါတယ်။

အရင်တုန်းကလိုအကြာကြီး တန်းစီရတဲ့ဒုက္ခ၊ ပြီးတော့ ဘီလ်ကို စောင့်ပြီးထုတ်ရ၊ ဘီလ်ဆောင်ရတဲ့ ဒုက္ခတွေ ၊ ပြီးတော့ တခါတခါ ဘယ်လောက်တောင် ဖုန်းပြောမိမှန်းမသိဘဲ လကုန်ကျမှ ဖုန်းဘီလ် အများကြီး ကျနေတာလဲ မဖြစ်တော့ဘူးဆိုပြီး၊ တော်တော်လေး စိတ်ချမ်းသာ ပျော်ရွှင်မိသွားတယ်။

သေသေချာချာ ထပ်သိချင်တာနဲ့ ကျွန်တော်လည်း သူတို့ပြောတဲ့ Call Center ဖုန်းနံပတ်ကို ဆက်ပြီး မေးကြည့်ပါတယ်။

ကျွန်တော် ဘီလ် ဆောင်ထားတာ များနေရင် ဘယ်လိုလုပ်မလဲ သိချင်လို့ပါ။

အမျိုးသမီး အသံတစ်သံနဲ့ ဖုန်းပြန်ဖြေပါတယ်။ ချိုချိုသာသာပါပဲ။

“လူကြီးမင်းတို့ ဘီလ်ဆောင်တုန်းက စာရင်းထဲမှာ ငွေအများကြီးသွင်းမိလို့ ပိုနေတယ်ဆိုရင် Prepaid ကဒ်ပြောင်းတဲ့အခါ ကဒ်ထဲ ငွေပြောင်းထည့်ပေးပါမယ်တဲ့။

တကယ် ကောင်းတဲ့စနစ်ပါ။ ကျွန်တော် တော်တော်လေးအထင်ကြီးလေးစားမိပါတယ်။ အရင်ကလို ရုံးသွားစရာ၊ အချိန်ကုန်စရာ မလိုပဲ အဆင်ပြေအောင် လုပ်ပေးလို့ပါ။

အဲ့ဒီလိုနဲ့ ဟော………..သိပ်မကြာပါဘူး။ ကျွန်တော့်ဖုန်းထဲကို နောက် Message တစ်စောင် ထပ်ရောက်လာပြန်ပါတယ်။

ဘီလ်လာဆောင်ပါတဲ့။ ဇန်န၀ါရီ ၂၇ ရက်နောက်ဆုံးထားပြီး ဆောင်ပါတဲ့။

တော်တော် စိတ်ညစ် သွားပြန်ပါတယ်။ ရုံးသွားပြီး ဘီလ် မဆောင်ချင်လို့ Prepaid ပြောင်းပါတယ်။ လာဆောင်ရဦးမယ်တဲ့ဗျာ။ ပထမပြောထားသလို Prepaid ကဒ် စနစ်ပြောင်းပြီးတဲ့အခါ စာရင်းထဲမှာ ပိုနေတဲ့ ငွေတွေကို ကဒ်စာရင်းထဲ ပေါင်းထည့်လို့ရတယ်လို့ သိထားပါတယ်။

ဒါဆိုရင် ကျွန်တော့စာရင်းထဲမှာ အကြွေး ရှိနေတယ်ဆိုရင်ကော…. ??????????

ပိုငွေကိုကျတော့ Prepaid ကဒ်ထဲ ပြောင်းထည့်လို့ရပြီး၊

လိုငွေကိုတော့ Prepaid ကဒ် ပြောင်းတဲ့အခါကျမှ တခါတည်း နှုတ်လို့မရဘူးလား။

မရဘူးလို့ ဆိုရင်ကော ဘာကြောင့် မရ ရတာလဲ…ရှုပ်သွားတာပါပဲ။ နည်းပညာက ပေါင်းတာနဲ့ နှုတ်တာ ဘာကွာလို့လဲ။ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။

ရှင်းနေတာကို ပြန်ရှုပ်အောင် လုပ်နေတယ်လို့ပဲ ခံစားရပါတယ်။ အဆင်ပြေလွယ်ကူအောင် လုပ်ရင်လဲ တခါတည်း လုပ်ပေးလိုက်ပါလားခင်ဗျာ..အခုတော့ ဘာမှန်းကို မသိတော့ပါဘူး။

စိတ်ညစ်နေတုန်းမှာ ရန်ကုန်က နာမည်ကြီး စတိုးဆိုင်တစ်ဆိုင်မှာ ဖုန်းဘီလ်ဆောင်လို့ရတယ်လို့ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ ၀န်ဆောင်ခ ၅၀၀ ပဲ ပေးရမှာလို့ ပြောပါတယ်။ ကျွန်တော်လဲ ၀မ်းသာအားရအနီးဆုံး စတိုးဆိုင် ရှိတဲ့နေရာပြေးသွားပြီး Service လုပ်ပေးတဲ့ ကောင်တာမှာ သွားဆောင်ပါတယ်။

အဲဒီက အမျိုးသမီးက ကျွန်တော့်ဖုန်းနံပတ်မှတ်ပါတယ်။ နောက် သူ့ကွန်ပြူတာထဲမှာ On line billing ဆိုတဲ့ web page တစ်ခုဖွင့်ပြီး ကျွန်တော့်ဖုန်းနံပတ် ထည့်ပါတယ်။ အင်တာနက်ကလဲ မကောင်းတော့ တစ်ခါနှစ်ခါနဲ့မရ၊ နောက်ဆုံးတော့ ဖွင့်လို့ ရသွားပါတယ်။ ကျွန်တော်လဲ ကျသင့်ငွေပေးဖို့ စိတ်ရှည်ရှည်နဲ့ စောင့်နေပါတယ်။

အဲဒီအမျိုးသမီးက ကျွန်တော့်ဖုန်းနံပတ် မြန်မာ့စီးပွားရေးဘဏ်မှာ စာရင်းသွင်းထားတာရှိလားလို့ ထပ်မေးပါတယ်။ ကျွန်တော်ကမရှိကြောင်းဖြေတဲ့အခါမှာ အဲဒါဆို ဘီလ်ဆောင်လို့ မရပါဘူးတဲ့။ ထပ်ရှုပ်သွားပြန်ပါတယ်။

တကယ်လို့ ကျွန်တော့်က မြန်မာ့စီးပွားရေးဘဏ်မှာ On line billing လုပ်ဖို့ စာရင်းသွင်းထားတာ ရှိတယ်ဆိုရင် ဘာဖြစ်လို့ ဒီစတိုးဆိုင်မှာ လာသွင်းစရာအကြောင်းရှိမှာလဲဗျာ။ ကျွန်တော့်ဖာသာ အင်တာနက်ကနေပြီး ဘီလ် ဆောင်လိုက်မှာပေါ့။ အခုက ရှင်းရှင်းလင်းလင်းလဲမပြော၊ သေသေချာချာ မသိလို့ သွားမိတဲ့ကျွန်တော် သာ ဖတ်ဖတ်ကိုမောရတာပါပဲဗျာ။

Written By: Thomas @ Zeyar
Post by : Alin Karr Nya

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment