RSS

* * * * ဘ၀မှာ * * * *

အစားထိုးမရတဲ့ ဆုံးရှုံးမှု နှစ်ခုသာရှိတယ်။
အဲဒါ မိဘ နဲ့ အချိန် ပဲ။
လူတစ်ယောက်၏ တန်ဖိုး ဆိုတာ
အလုပ်လုပ်ခြင်းပဲ။
ဆင်ခြေပေးတဲ့ ပါးစပ်
ထမင်းငတ်တတ်တယ်။
မေ့တယ်ဆိုတာ မလေးစားလို့
ကြောက်တယ်ဆိုတာ မခိုင်လုံလို့
နှေးတာ အရေးမကြီးဘူး။
ရပ်မနေဖို့ဘဲ အရေးကြီးတယ်။
မနာလိုမဖြစ်ပါနဲ့
လုပ်တဲ့သူက နေရာရမှာပဲ။
စာရိတ္တကောင်းရင်
နောက်ကြောင်းရှင်းတယ်။
မလုပ်တတ်ကြောင်း များများပြောလေ
မလုပ်တတ်လေ။
လိုသလောက်မရနိုင်ပေမယ့်
လုပ်သလောက်တော့
ရနိုင်ပါတယ်။
အကျင့်စာရိတ္တသည်
ထိုသူ၏ ကံကြမ္မာပင်ဖြစ်သည်။ ။


အကို ညလင်္ကာ မအားလပ်တဲ့ အချိန် အင်တာနက် မသုံးဖြစ်တဲ့ အချိန်မှာ အကို့ ကိုယ်စား ဒီ Post လေးကို တင်ပေးခြင်း ဖြစ်ပါသည် ။ အကိုက ကိုယ်စားတောင်ပန်ပေးထားဖို့ ပြောထားသည်မှာ ကြာပါပြီ။ အားလုံးကို ခင်မင်လေးစားစွာဖြင့် . . .

တာရာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘာပဲလုပ်လုပ် သူတစ်ပါးကို ထည့်သွင်းစဉ်းစားပေးကြပါ

ဘာပဲလုပ်လုပ် သူတစ်ပါးကို ထည့်သွင်းစဉ်းစားပေးကြပါ
အသက်ရှင်ဖို့အတွက် နိစ္စဓူဝ ထုံးစံအရ လူတိုင်းသွားလာလှုပ်ရှား၊ ရုန်းကန်နေကြရပါတယ်။ သူတို့လည်း တစ်နည်းနည်းနဲ့ ရုန်းကန်နေကြသည်။ မိမိလည်း တစ်နည်းမဟုတ်တစ်နည်းနဲ့ရုန်းကန်ရပါတယ်. မိမိတို့အလို တစ်ခုတည်းကိုသာ လုပ်နေကြပြီး အဲ့ဒီအလုပ်က သူတစ်ပါးကို ထိခိုက်စေသော်၊ သူတစ်ပါးအကျိုးစီးပွားကို ထိခိုက်စေသော် ဘယ် ကောင်းပါ့တော့မလဲ။ အဲ့ဒီလိုပဲ သူတစ်ပါးကသူထင်သလိုလုပ်ရာက မိမိကို လာထိခိုက်မိသော်၊ မိမိအကျိုးစီးပွားကို ထိခိုက်မိသော မိမိလည်းဘယ်လို ခံစားရမလဲ???
တံတွေးထွေးမှု၊ ကွမ်းစားမှု၊ ဆေးလိပ်သောက်မှု၊ အရက်သောက်မှုဆိုတာတွေက နေ့စဉ်ပြုမူနေထိုင်သော လူမှု ဘ၀ထဲက အသေးအဖွဲ့ကိစ္စလေးတွေဖြစ်တယ်၊ အသေးအဖွဲ့ကိစ္စလေးတွေကအစ ကြိုက်သူလည်းရှိမယ်၊ မကြိုက် သူလည်းရှိ မှာပဲ။ မိမိတို့ရဲ့ စရိုက်က သူတစ်ပါးကို မထိခိုက်စေသင့်ပါ။
သူတစ်ပါးကိုထိခိုက်စေသည်ဆိုပါစို့ မနက်အစောကြီးဘုရားအကျယ်ကြီးရှိခိုးတာပင်မကောင်းပါ။မိမိကကုသိုလ်ရပေမဲ့တစ်ပါးသူက အိပ်ရေးပျက်ရတာပေါ့၊
အလှူခံတာကောင်းပါတယ်၊ ဒါပေမဲ့လည်း မနက်(၅)နာရီဝယ် အသံချဲ့စက်အကျယ်ကြီးဖွင့်ပြီး အလှူခံတာကတော့ မကောင်းဘူးပေါ့ (ကျနော်ကိုယ်တိုင်ကြုံခဲ့ရလို့ပါ)
ကိုယ့်အိမ်မှာကိုယ်သီချင်းကိုအသံကျယ်ကြီးလွတ်လပ်စွာဖွင့်ခွင့်ရှိပါတယ်။ဒါပေမဲ့လည်းပတ်ဝန်းကျင်အိမ်တွေအတွက်
ဆူညံအောင် တော့မဖွင့်သင့်ပါ။
လူတိုင်းမှာ လွတ်လပ်မှုရှိပါတယ်၊ မိသားစုတိုင်းမှာ လွတ်လပ်မှုရှိသည်.။ အဲ့ဒီလိုလွတ်လပ်မှုသည် တစ်ပါးသူကို မထိခိုက်စေသင့်ပါ.။ ထိခိုက်ခဲ့သော် လွတ်လပ်မှုမဟုတ်တော့ပါ။ အနိုင်ကျင့်မှုဖြစ်သွားပြီ။
တစ်ဦးကို တစ်ဦးအနိုင်ကျင့်သောစရိုက်သည် အသိဥာဏ်ရှိတဲ့လူသားတွေရဲ့အလုပ်မဟုတ်ဘူးလို့ကျနော်ထင်တယ်။
အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည်ဆိုခြင်းက တောတွင်းတိရစ္ဆာန်၏စရိုက်တွေပင်ဖြစ်သည်။ ယင်းကိုတောတွင်း ဥပဒေ Jungle Law ဟုခေါ်ရမည်ပင်။
မေတ္တာမပွားချင်နေပါ။ ကရုဏာမထားချင်နေပါ ၊ တစ်ဦးကိုတစ်ဦးအနိုင်မကျင့်ဖို့ရာအရေးကြီးတယ် လို့ထင်ပါတယ်။
လူလူချင်းဆက်ဆံရေးတွင် ဘယ်လောက်အတိုင်းအတာအထိစာနာထောက်ထားတတ်ပါသလဲ???
ဘယ်လောက်အတိုင်းအတာထိ နားလည်မှုရှိပါသလဲ????
ဘယ်လောက်သဘောထားကြီးပါသလဲ ???? စသည့် အချက်ပေါ်တွင် အဓိကမူတည်ပါတယ်။
ရုပ်ရှင်ထဲမှာကြည့်ဖူးကြမှာပါ။ တောထဲမှာကိုယ်ပေါ်တွင်အရှက်လုံရုံဝတ်ပြိး လေးမြှားလက်နက်နှင့် အမဲလိုက်နေသူ ကိုသာ လူရိုင်း ဟုခေါ်တွင်နိုင်သည်မဟုတ်။။ မြို့ပေါ်တွင်နေသော်လည်းလူလူချင်းဆက်ဆံရေးတွင် မိမိထင်သလို ပြုမူနေထိုင်ပြောဆိုသူ၊ တစ်ပါးသူကို ထည့်သွင်းစဉ်းစားခြင်းမပြုပဲ  မိမိစိတ်ရှိသလို ပြုမူပြောဆိုနေထိုင်သူသည် လည်း လူရိုင်း ပင်ဖြစ်သည်။
ငါမှန်သည်။ ငါဟုတ်သည်။ ငါ့ကိုဒီလိုလုပ်လို့မရဘူး….နဲ့ အကျယ်၊အကျယ်မငြိမ်းဖွယ်ဖြစ်ခဲ့ရသည်တို့မှာ   သက္ကာယဒိဌိ ခေါ် ငါစွဲ ပင် ဖြစ်သည်။
ငါစွဲ ဆိုသည်မှာ အတိုင်းအတာတစ်ခုထိပဲစွဲသင့်ပါတယ်။ ယင်းအတိုင်းအတာထက်လွန်သော် လူမှုပဋိပက္ခဆီသို့ ဦးတည်ရွှေ့ လျားသွားမှာ ကျိန်းသေမှာပဲ။။။လူမှုဆက်ဆံရေးတွင် ငြိမ်းချမ်းမှု ရရှိရန်သာ ပြောပြခြင်းသာ ဖြစ်ပါသည်။
နောက်ဆုံး ဘာပဲဖြစ်ဖြစ် -
ကိုယ်ချင်းစာတရားဖြင့် အရာရာကို တိုင်းတာပါ၊
ကိုယ်ချင်းစာတရားဖြင့် နိစ္စဓူဝအလုပ်တွေကို လှုပ်ရှားရုန်းကန်ပါ။
ကိုယ်ချင်းစာတရားဟူသော သတိ ကို မပြတ်ထားပါ။
မိမိကြောင့်လည်း သူတစ်ပါးကို မထိခိုက်ပါနှင့်။ မိမိကြောင့် မိသားစုကိုမထိခိုက်ပါစေနှင့်။ မိမိကြောင့် အိမ်ထောင်ကို မထိခိုက်ပါစေနှင့်။။ လူဆိုတာ မှားတက်ပါတယ်.။ ပျက်အစဉ်ပြင်ခဏ လိုပဲ ပြင်၍မရသောအမှားဟူ၍ မရှိပါ။ ပြင်၍ ရပါကြောင်း ပြောရင်း လောက၏ ငြိမ်းချမ်းခြင်းကို ကိုယ်ချင်းစာတရားနဲ့ပဲ တည်ဆောက်ကြည့်ကြရအောင်ဗျာ။

ခင်မင်စွာဖြင့်
ညအလင်္ကာ
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်၊

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဝေးကကျတဲ့မျက်ရည်

အဝေးကကျတဲ့မျက်ရည်
“လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှူ…..” မျှော်လင့်ထားတဲ့ အသံပေမယ့် … ကြားလိုက်တိုင်းမှာရင်ဘတ်ထဲမှာဆို့တက်သွားဆဲပါ..။ “ဘယ်တွေရောက်နေလို့လဲ…ဘယ်သူနဲ့များရှိနေတာလဲ”..အဲဒီအတွေးတွေက ကျွန်တော်ဦးနှောက်ကို တစ္စေ သရဲတွေလို ခြောက်လှန့်လို့လာပြီပေါ့…။ ဒါပေမယ့်…နှလုံးသားရဲ့စေရာအတိုင်း လက်ချောင်းတွေကတော့ ဖုန်းNo.တွေ အပေါ် ခုန်ပေါက်ပြေးလွှားနေတုန်း…။
“ဟယ်လို… ”
“…..ဟယ်လို ”
“………လား? \”
ဘာမှမထူးခြားတဲ့သာမန်ဖြေကြားသံလေးပေမယ့်..ကျွန်တော်အတွက်တော့ဘယ်တော့မှမရိုးနိုင်တဲ့သံစဉ်တစ်ပုဒ်လိုပါပဲ။ စူးရှတဲ့ ခံစားချက်တွေမပါတဲ့ သံစဉ်အေးအေးလေးပါ…။ နောက်တစ်မျိုးပြောရရင်..ကျွန်တော်နှလုံးသားရဲ့ အိပ်ရာဝင်ပုံပြင် ဆိုလဲ ဟုတ်တယ်..။ ဒီလိုနဲ့ပြောဆိုခဲ့တဲ့ အချိန်တိုလေးအတွင်းမှာရင်ခုန်သံတွေဖလှယ်ကြရင်း… သူမရဲ့အချစ်သင်္ကေတလေးတစ်ခုဟာလေလှိုင်းကနေတစ်ဆင့် ဖုန်းချခါနီး..ကျွန်တော်ရဲ့ပါးကိုလာရိုက်ခတ်…”နွေး” ကနဲပါပဲ….အချစ်ဆိုတာအဲဒါပဲထင်ပါရဲ့.။တဖြည်းဖြည်းပါပဲ…ဝေးနေတဲ့နေ့တွေမှာ..အဲဒီအနမ်းတွေ…အထီးကျန်မှူတွေ..မျက်ရည်တွေကိုအဖော်ပြုရင်းရင်ဘတ်ထဲကသံယောဇဉ်ကြိုးကတစနဲ့တစခိုင်မာလာ…
“တို့နှစ်ယောက်ရဲ့ အိပ်မက်တွေကိုတိမ်တွေပေါ်ထိတက်ရေးခဲ့ပေမယ့်… လေထဲဆောက်တဲ့တိုက်အိမ်မဟုတ်ခဲ့ဘူးဆိုတာကိုတော့ ယုံပေးပါချစ်သူရယ်.။”
အဲဒါကိုဘယ်သူမှမသိချင်နေမယ်…ရှုခင်းသာ ပန်းခြံကတော့ငါမေးလိုက်တိုင်း..ဆိတ်ဆိတ်နေပြီးသက်သေထူလေ့ရှိတယ် လေ..။ ပြီးတော့အသက်ရှူလိုက်တိုင်းမင်းနာမည်တမ်းတနေတဲ့ နှလုံးသားတစ်ခုကို…မင်းတစ်ဦးထဲပိုင်ရင်ခွင်တစ်စုံမှာ.. အလုံခြုံဆုံး သိမ်းဆည်း ထားပါတယ်ချစ်သူရယ် တစ်သက်လုံးအတွက်ပေါ့…
ကျွန်တော်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းထဲမှာတော့ ချစ်သူနှစ်ဦးရဲ့ နှစ်ပတ်လည်တိုင်းမှာမိုးမှောင်ချထားတတ်ပါတယ်…. ရုပ်ရှင်တွေထဲက လို…လမင်းကိုကြည့်ပြီး ချစ်သူဆီစကားတွေပြောဖို့တောင် အခွင့်အရေးမရှိသလို…ကျွန်တော်ငိုနေတာကို လက်ပိုက်ကြည့်မယ့် ကြယ်တွေလဲမရှိပါဘူး…။ ကျွန်တော်တို့နှစ်ယောက်ရဲ့ နှလုံးသားနှစ်ခုကို ဆက်သွယ်ပေးတဲ့ တစ်ခုထဲသောအရာက ဘီဒိုနဲ့ မဆံ့တော့တဲ့ ဖုန်းကဒ်တွေပဲရှိပါတယ်.။ ချစ်သူနှစ်ယောက်ရဲ့ အချစ်ပုံပြင်မှာ မပါမဖြစ်တဲ့ အချစ်စေတမန်တွေပေါ့.။ သူတို့လေးတွေရဲ့ ကောင်းမှုကြောင့် ပဲ ကျွန်တော်တို့နှစ်ယောက်ရဲ့ သံယောဇဉ်ဟာ အခုဆိုရင်......................................................
နောင်လာမည့် လပေါင်းများစွာ..နှစ်ပေါင်းများစွာ…စိတ်ကူးနဲ့ရူးခဲ့ဘူးပါတယ်…တစ်နေ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲထိ အဲဒီ ကဒ်လေးတွေကို အမှတ်တရသိမ်းထားမယ်လို့.။
မှတ်မိဦးမှာပါ ချစ်သူရယ်..
အဲဒီရက်စွဲလေးကို…။
ပြီးတော့
”ကိုယ့်ထက်အသက်ငယ်တဲ့သူကို မချစ်ဘူးလို့ဆုံးဖြတ်ထားပေမယ့် မင်းအတွက်တော့ ခြွင်းချက်ပါ” ဆိုတဲ့စကားလေးကို…
အဲဒီညကပုံမှန်တိုက်ခတ်နေကြ လေပြည်တွေတောင်ပိုအေးနေသလိုပါပဲ….
အဲဒီညကပါပဲ..”သူ” အမှတ်နဲ့ ခေါင်းအုံးပေါ်အနမ်းမိုးတွေရွာခဲ့မိတယ်..။
အဲဒီညကပါပဲ မှင်နီရာတွေပေကျံနေတဲ့ နှလုံးသားပေါ်မှာ ”သူ့” နာမည်ကို ထာဝရအတွက်ရေးထိုး သော့ခတ်ခဲ့တယ်..။
အဲဒီညကပါပဲ မှောင်မဲနေတဲ့ ကျွန်တော့ကောင်းကင်မှာ ဓူဝံကြယ်တစ်စင်း သာနေခဲ့တယ်…။
”သူ” နဲ့စတွေ့မိတဲ့နေ့မှာ…ကျွန်တော်လေ..အမေ့လက်ကိုဆွဲခေါ်ပြီးမေးချင်ခဲ့တယ်
”မေမေ သားကို ငယ်ငယ်တုန်းက ပြောပြနေကြအိပ်ရာဝင်ပုံပြင်ထဲက နတ်သမီးဆိုတာ ”သူ”လားလို့…..”
အရူးအမူးပါပဲ..အားလုံးရဲ့ လှောင်ရယ်သံတွေ မျက်ကွယ်ပြုပြီး သူ့ရဲ့အကြည့်တွေအောက်မှာ ကျေကျေနပ်နပ်ဒူးထောက်ခဲ့တယ်။ ကျွန်တော်ကျေနပ်ပါတယ်..ဘယ်သူတွေဘာတွေပြောပါစေ..\” မ ဟာတစ်သက်လုံး ကျွန်တော့အတွက်ပါ” ဆိုတဲ့ ကတိစကား တစ်ခု နဲ့တင် အရာအားလုံးကိုရင်ဆိုင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ ရက်တွေလပြောင်း လတွေနှစ်ပြောင်းသွားပေမဲ့အချိန်ကာလဟာ မင်းအချစ် နဲ့လှပ နေခဲ့ပါတယ်.။
သံသယကင်းတဲ့ အဖြူရောင် 528 အချစ်နဲ့ ချစ်ခဲ့တယ်ဆိုတာတော့ ယုံပေးပါချစ်သူရယ်…မင်းရဲ့အကြည့်တွေနဲ့ ငါ့ဘဝနေ့ရက်တိုင်းကို စိုးမိုးထားပေးပါ..ဘယ်သူ့ဆီမှ မလွှဲလိုက်ပါနဲ့.။
”ဘယ်အခြေအနေပဲရောက်ရောက် မင်းဆီအရောက်ပြန်ခဲ့ပါ့မယ်..”
မှတ်မိဦးမှာပါ..မော်တင်သင်္ဘောဆိပ်မှာ ငါအဲဒီကတိကိုပေးခဲ့တုန်းက..တို့နှစ်ယောက်ကြားမှာ မှန်ချပ်ကြီးတစ်ခု ခြားထားခဲ့တယ်လေ.။
အဲဒီတုန်းက…ကျွန်တော်ရှေ့မှာ..”သူ”ငိုနေတာကို..ကျွန်တော်အသိစိတ်ကင်းမဲ့စွာ..ရပ်ကြည့်နေခဲ့တယ်လေ..။
နားထဲမှာပဲ့တင်ထပ်နေဆဲပါ..ညရောက်လို့ဖုန်းပြောတုန်းက…
”နောက်တစ်ခါပြန်ရင်..ကျေးဇူးပြုပြီး လိုက်မပို့ပါရစေနဲ့” ဆိုတဲ့ ”သူ့”ရဲ့ တုန်ရီနေတဲ့ အသံလေးကို..။

ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်ပန်းဘဝ

"ချစ်ပန်းဘ၀"

ရာသီတွေနှောင်း ဘယ်လိုပြောင်းပြောင်း
သင်းပျံ့မွှေးကြိုင် ပန်းမြိင်ယံကို
နှလုံးနေရာ မြေကမ္ဘာမှာ
ပန်းကမ္ဘာသွင် ပန်းဝန်းရံဖို့
ချစ်ပန်းဥယျာဉ် ပျိုးခဲ့စေချင်။
နေခြည်တစ်ပေါက် အလင်းရောက်ခဲ့
အေးမြရေစို ပန်းပွင့်တွေကို
အသည်းမြေဆီ ဖျန်းပတ်ဝေသီ
မွှေးပျံ့ရရုံ ပန်းပွင့်စုံမို့
အသည်းမြေဆီ ဖျန်းပတ်ဝေသီ
မွှေးပျံ့ရရုံ ပန်းပွင့်စုံမို့
ချစ်ပန်းမျိုးစေ့ အမှန်ပေမို့
နေခြည်မပေါက် ရေမရောက်လည်း
ချစ်သစ်ပင်မှ သန္ဓေတည်ရ
သန္ဓေတည်ပန်း အစဉ်ပွင့်လန်း
မေတ္တာပန်းပွင့် ကြွေမလွင့်ခဲ့။
သစ္စာအညှာ မြဲခိုင်စွာနဲ့
ချစ်သဒ္ဒါထား ပင်ယံဖျားမှာ
ဖူးပွင့်ဝေဆာ ၀င့်ကြွားစွာဖြင့်
ရနံ့မွှေးကြူ ပန်းမဉ္ဖူတို့
နွေးထွေးခိုလှုံ ချစ်ရိပ်မြုံမှာ
မြူးတူပျော်ရွှင် လန်းဆန်းစွာပင်
ချစ်ပန်းဘ၀ မြေမခရ။

ညအလင်္ကာ
၂၀၁၀ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြှားနတ်မောင် နှင့် ချစ်ပုံပြင် (၂)

အနော်ရဲ့ မြှားနတ်မောင်နဲ့ ချစ်ပုံပြင်ကို ဆက်လက်ရေးသားဖို့ အချိန်ကျရောက် လာပြန်ပါပြီ။ အွန်လိုင်း သုံးဖို့ မတတ်နိုင်တဲ့ အတွက် ကြန့်ကြာသွားတာကို ကြိုတင်တောင်းပန်ရမှာပါ....... ဇာတ်လမ်းလေးရဲ့ အဆက်က ဒီလို ပါ.......................
အနော့်ကို အချစ် creator ကြီး ကိုကိုမြှားနတ်မောင်က သူ့ကို ၀န်ကြီးသားတွေစီးတဲ့ ကားနဲ့ လာကြို မှရမယ်ဆို တော့ ကျွန်တော်လဲ အဲဒီကားရှာဖို့ အကြံထုတ်ရတာပေါ့။ စဉ်းစားတယ် .. စဉ်းစားတယ်။။ အဖြေက မထွက်ဘူး။ နာရီဝက်လောက်ကြာမှပဲ မိတ်ဆွေဟောင်းကြီး တစ်ဦးကို သွားသတိရတယ်... သူနာမည် တောင် မေ့နေပါပြီ။ သူကဆယ်မြောင်းဌာနမှာ အရာရှိပါပဲ.. (လမ်းဘေးမြောင်းထဲက အမှိုက်လိုက်ဆယ်တဲ့ ဌာန :P)  အဲဒါနဲ့ သူ့ကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပြန်ရှာရတယ်။ သူဆိုရင်တော့ အရာရှိအသိုင်းအ၀ိုင်းနဲ့ နီးစပ်တယ် လေ။ အင်း မှတ်စုစာ အုပ်အဟောင်းလေးတွေပြန်ရှာရတယ်။ စာအုပ်တွေကလည်း များလွန်းတော့ တော် တော်ခေါင်းနောက်သွား တယ်။ အချစ်အတွက် ကျွန်တော်တစ်ယောက်တည်း အလုပ်တွေများနေတာပါ.။ ရှာတယ် . . . ရှာတယ်... နောက် ဆုံးတွေ့မယ့်တွေ့တော့  ကျောက်သင်ပုန်းမှာရေးထားတာ.. တော်သေးတယ် ပျက်မသွားလို့.......
ဖုန်းနံပါတ်လေးနှိပ်လိုက်တယ်ပေါ့ဗျာ.. သူ့နာမည်မှ မမှတ်မိတော့ဘူးဆိုတော့ .. အကိုရေ ဘယ်သူလားလို့ .. အေး ဟုတ်တယ် ငါဘယ်သူပဲတဲ့... အနော့်ကို မှတ်မိလား ဆိုတော့ အေး ၀ါးတားတာပဲတဲ့ ... ပြောပါအုံးမင်း နာမည်ဆိုတော့ .. အနော် တာရာ ပါပေါ့ဗျာ... ကိစ္စတဲ့ ...... အကူအညီတောင်းချင်လို့ ပါဆိုပြီး ကျွန်တော် အဖြစ် ဇတ်လမ်း အဆုံကို လိုရင်းတိုရှင်း တစ်နာရီ လောက်ရှင်းပြလိုက်တယ်....
သူပြန်ဖြေပုံလေးကို သူမပြောလဲ ပြောတယ်အမှတ်နဲ့ ရေးလိုက်ဦးမယ်....
မင်းပြောပြတော့ မင်းကို ငါကူညီချင်ပါတယ်တဲ့.. ဒါပေမယ့် မင်းဟာကြီးက မလွယ်ဘူးကွ... ငါမင်းကို အကြံ ပေးလို့ ရတာတစ်ခုတော့ ရှိတယ်.. မင်းငါ့ကို နည်းနည်းပြောပြစမ်း ... မင်းကို ချစ်ကြိုးသွယ်ပေးမယ့် မြှားနတ် မောင်က ဘယ်ကလဲတဲ့ .. ကျွန်တော်ပြန်ပြောလိုက်တယ်... သူ့ဇာတိကတော့ USA ကပါလို့.. မြန်မာပြည် ရောက်နေတာတော့ တော်တော်ကြာပြီ.. USA က လူတွေက သူ့ကိုအလိုမရှိကြတော့ဘူး.. သူတို့ဖာသာ facebook, twitter, dating စတဲ့ online ကနေပဲ အချစ်ဇာတ်လမ်းတွေ ဆင်နေကြတော့ ကွန်နက်ရှင်မကောင်း ၊ အွန်လိုင်းကို ကောင်းကောင်း မသုံးတတ်သေးတဲ့ မြန်မာပြည်ကို ရောက်လာတာပါလို့ ပြောပြလိုက်တယ်...
အေး အဲဒါဆို ဟုတ်ပြီကွတဲ့.. မင်း သူ့ကိုပြောလိုက် ဆရာ့ကို စိုက်ကျဲဒိုး နဲ့လာခေါ်မယ်လို့ ... သူကထပ်မေးရင် အဲဒါ ကျွန်တော်တို့ မြန်မာပြည်ကို ရောက်နေတဲ့ ကားတွေထဲမှာ The Latest ပဲလို့ ပြောလိုက်ကွာတဲ့ ... ဒီက ငါ့ တပည့် တစ်ယောက်ကို လွှတ်လိုက်မယ်... ငါ့ကိုလိပ်စာပြောတဲ့...
မြှားနတ်မောင်တည်းနေတဲ့ လိပ်စာက ... Shwe Gone Dine Hotel မှာလို့ ပြောလိုက်တယ်.. ဟုတ်ပြီ ရပြီတဲ့ မင်း အေးအေး ဆေးဆေးနေ ငါမင်း ဆီအရောက်ခေါ်လာခဲ့မယ်တဲ့.... တော်သေးတယ် မိတ်ဆွေဟောင်းကြီး က ကူညီချင်စိတ်ရှိလို့ ပေါ့... ဒါနဲ့ ကျွန်တော်လဲ မြှားနတ်မောင်နဲ့ ကျွန်တော်မိတ်ဆွေ ဟောင်းကြီး ရောက် အလာကို စောင့် နေရတာပေါ့။ စောင့်နေတဲ့ အချိန်လေးအတွင်းမှာပဲ မြှားနတ်မောင်ကြီး လုပ်ပေးမယ့် အချစ် ဇာတ်လမ်းကို ကြိုတင်ပြီး စိတ်ကူးတွေ ယဉ်လိုက်သေးတယ်... စိတ်ကူးထဲမှာတော့် မြှားနတ်မောင်ကြီး ဆောင် ရွက်ပေးလိုက်တယ်တာနဲ့ ချက်ချင်းဆိုသလိုပဲ အိုကေ .. စိုပြည်.. ပြီးတော့ .... နင်နဲ့ငါနဲ့ .. ငါနဲ့နင်နဲ့... (စိုင်းစိုင်း သီ ချင်းလေးကို အတူနားထောင်နေကြတာကို ပြောတာပါ)
အော် ..အော် သိပ်မကြာလိုက်ပါဘူး ... မြှားနတ်မောင်ကြီးကို ခေါ်ပြီး ကျွန်တော်မိတ်ဆွေရောက်လာပါလေ ရော... ကျွန်တော်လဲ သူပြောတဲ့ ဆိုက်ကျဲဒိုး ဆိုတာဘယ်မှာလဲ လို့မေးတော့ ... လာ လာ လာ လာ.. တော် တော်နောက်တဲ့ သူ ... ဓညင်းကုန်း ကနေ ကုန်တိုက်နေတဲ့ ဂါလီ တစ်စင်း ... ပြောပြောက မစောဘူး .. အဲဒါ ကြီးနဲ့ မြှားနတ်မောင်ကို ဘယ်လိုများ ရအောင်ခေါ်ခဲ့သလဲ ဆိုတော့.. မင်းကလည်း မဖြစ်နိုင်တာကိုမင်းက ပြောတော့ ငါကဖြစ်တဲ့နည်းနဲ့လုပ်ရတာပေါ့တဲ့။ ဂါလီဆိုတာ အားလုံးနိုင်ငံခြားဖြစ်တွေကြီးပဲတဲ့။ မြန်မာပြည် မှာတပ်ဆင်ရေးလုပ်တာကလွဲပြီး ကျန်တဲ့ သံထည်အားလုံး မင်းမြန်မာပြည်မှာရှိလို့လားတဲ့။။.. 
ဆိုက်ကျဲဒိုးက ဒါနဲ့ဆင်တူပဲ ငါပေမယ့် ဒီကောင်လိုဘေးက အပိတ်တွေ အကန့်တွေမပါဘူး သိရအောင်ပြောပေးတာ။အားလုံးပွင့်တယ်။လေကောင်းလေသန့်တော့ ရတယ်။ မယုံရင် ညနေခင်းလေးမှာ ဆိုဒ်ကျဲဒိုးလေးနဲ့ ရန်ကုန်မြို့ကိုပတ်ကြည့်လိုက်....... :P
ငါလည်း မြှား နတ်မောင်ကြီးကို အဲလိုမျိုးဖောပြီး ညာခေါ်လာတာ ဟဲ ဟဲ ဟဲ တဲ့.. မင်းမြှားနတ်မောင်ကလည်း ဘယ် လောက်တောင် လိုက်ချင်နေလဲ မသိဘူး.. ငါတောင် အထွေထွေထူးထူး မပြောရသေးဘူး .. ဂါလီပေါ် တက်ထိုင် နေတော့ တာပဲတဲ့... မြန်မြန်မောင်း ဆိုတော့ ငါလဲ အသားကုန် နင်းရတော့တာပေါ့ကွာတဲ့.။ မြားနတ်မောင် ကဘာပြောတယ်မှတ်လဲ .. မင်းတို့ဆီက ဆိုက်ကျဲဒိုး အဆင်ပြေသားကွ ..လေကောင်းလေ သန့်ရတယ်.. ဟုတ် ပါ့ဗျာ။ .. မြှားနတ်မောင်ကြီး အသည်းအသန်လိုက် ချင်နေရတဲ့ အကြောင်းက ကျွန်တော် သိ နေတယ်လေ.. သူပုံး ပျောက်နေတာ ကြာပြီ လေ.. သိတယ် ဟုတ်.. အနော်က တော့ အချစ်ကံထူး ရှင်ကြီး ဖြစ်ဖို့ တဖြည်းဖြည်း နီး စပ်လာပြီ.. ဟိ ဟိ.. မြှားနတ်မောင်ကြီးကို အစားအသောက်တွေနဲ့ ဧည့်ခံပြီး အကြောင်းအကျိုး ရှင်းပြရ တာ ပေါ့ .. ကျွန်တော့်ရင်ထဲမှာ ဘာတွေ ဖြစ်နေမလဲ .. စဉ်းစားကြည့် စမ်းပါ :P

မြားနတ်မောင် မြှားပစ်ခန်း ကို ဆက်လက်ရေးသားပါမည်... ။

ငါ့ဘ၀ တာရာ ကို မင်းနင်းခြွေယုံနဲ့ အားမရသေးရင် ကားမှာ ဘီးအဖြစ်ဆင်ပြီး အလွန်ကြမ်းတဲ့ ကတ္တရာလမ်း မှာ ခတ်ကြမ်းကြမ်း သာမောင်းပစ်လိုက်ပါတော့ ချစ်ရသူ.....။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မနေ့က၊ ဒီနေ့ နဲ့ မနက်ဖြန်

မနေ့က၊ ဒီနေ့ နဲ့ မနက်ဖြန်

လူ့ဘဝသက်တမ်း ဘယ်နှစ်ရက်ရှိသလဲ?

မတူတဲ့လူတွေမှာ မတူတဲ့အဖြေတွေရှိကြပါတယ်။
ကျွန်တော့်အဖြေက လူ့ဘဝတစ်လျောက်မှာ ရက်(၃)ရက်ပဲရှိတယ်။ အဲဒီရက်တွေက မနေ့က၊
ဒီနေ့ နဲ့ မနက်ဖြန်
ပဲဖြစ်ပါ တယ်။ ဒီသုံးရက်ကို သေချာအသုံးပြုတတ်ရင်
ဘဝတစ်သက်တာလုံး အဆင်ပြေကောင်းမွန်နေပါလိမ့်မယ်။

"မနေ့က" ဆိုတဲ့ရက်တွေ
ရှည်လျားလွန်းလှတယ်။

ရှည်လျားလွန်းလို့ ဘယ်နှစ်ရက်ရှိမှန်းတောင် မရေတွက်နိုင်ခဲ့ဘူး။ မရေတွက်နိုင်တဲ့
"မနေ့က" ပေါင်းများစွာက လူတစ်ယောက်ရဲ့သမိုင်းကို ဖွဲ့စည်းပေးခဲ့တယ်။ ဒါပေမယ့်
"မနေ့က" ဘယ်နှစ်ရက်ပဲရှိခဲ့ရှိခဲ့၊ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲခံခဲ့ရပါစေ၊
ဘယ်လောက်ပဲ ထူးကဲခမ်းနားခဲ့ပါစေ ဒါတွေအားလုံးဟာ အတိတ်ကိုယ်စားပြုတွေ
ဖြစ်သွားခဲ့ပြီး အနာဂတ်ကို ကိုယ်စားမပြုနိုင်ပါဘူး။

ဥပမာ-- မနေ့က ဆင်းရဲတဲ့လူတစ်ယောက်ဟာ မနက်ဖြန်မှာ သူဌေးဖြစ်ချင်ဖြစ်သွားနိုင်တယ်။
မနေ့က သူဌေးတစ်ယောက်ဟာ မနက်ဖြန်မှာ သူတောင်းစားဖြစ်ချင်ဖြစ်သွားနိုင်တယ်။
မနေ့က အလုပ်သမားတစ်ယောက်ဟာ မနက်ဖြန်မှာ ကုမ္ပဏီပိုင်ရှင်ဖြစ်ချင်ဖြစ်သွားနိုင်တယ်။

လောကမှာ အမြဲတမ်းအောင်မြင်မှုဆိုတာ မရှိနိုင်သလို အမြဲတမ်းရှုံးနိမ့်မှုဆိုတာလည်း
မရှိဘူး။ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုက သင့်တော်တဲ့အခြေအနေမှာ
လည်ပတ်ပြောင်းလဲနိုင်တယ်။

ဒါကြောင့် မနေ့ကဖြစ်ခဲ့သမျှ ဆင်းရဲဒုက္ခအတွက် တွန့်ဆုတ်မနေသင့်သလို မနေ့ကရခဲ့တဲ့
ခမ်းနားထည်ဝါမှု အတွက် ဂုဏ်ယူ ဝင့်ကြွားနေဖို့ မလိုဘူး။ မနေ့ကဖြစ်ခဲ့တဲ့
ဆင်းရဲဒုက္ခနဲ့ထည်ဝါမှုဟာဒီကနေ့ရဲ့လှေကားထစ်လို့မှတ်ယူပြီး သာယာ လှပတဲ့ မနက်ဖြန်ကို
အရောက်လှမ်းနိုင်မှာဖြစ်တယ်။

"ဒီနေ့" ရဲ့ရက်က
တိုတောင်းလွန်းတယ်။

ကိုယ့်ခြေဖဝါးအောက်ကနေ တစ်စက္ကန့်ချင်း နောက်ပြန်ကျုံ့ဝင်နေတယ်။ ဒီနေ့ဟာ
မနေ့ကဆင်းရဲဒုက္ခရဲ့ အဆုံးနဲ့ မနက်ဖြန် ရဲ့အောင်မြင်မှုစမှတ်ကို
ဆင့်ကမ်းဆက်သွယ်ထားတဲ့ နေရာဖြစ်တယ်။ ဆက်သွယ်တာကောင်းလေ မနက်ဖြန်က ခမ်းနားထည်ဝါလေဖြစ်တယ်။

ဒါကြောင့် "ဒီနေ့"မှာ "မနေ့က" အဖြစ်အပျက်အတွက်
လွမ်းဆွေးတမ်းတ၊ ပူဆွေးမနေသင့်ဘူး။ ပြီးခဲ့တာတွေ ပြီးခဲ့စေပြီး သုညကနေ အသစ်တစ်ဖန်
ပြန်စသင့်တယ်။ "ဒီနေ့"ရဲ့လုပ်ဆောင်မှုမှာ ကိုယ်ရောစိတ်ပါ နစ်ဝင်နေမှ
ကောင်းမွန်တဲ့အသီးကို ခံစားရမှာဖြစ်တယ်။

ဒီနေ့အလုပ်ကို မနက်ဖြန်ထိမရွှေ့ဘဲ ဒီနေ့ပြီးအောင်လုပ်သင့်တယ်။ တကယ်လို့
မနက်ဖြန်ကိုပဲ ရွှေ့နေခဲ့ရင် မနက်ဖြန်တွေက များလွန်းလှတယ်။ မနက်ဖြန်ရဲ့
မနက်ဖြန်တွေက လူ့ဘဝလမ်းဆုံးလည်းဖြစ်နိုင်တယ်။ နောက်တော့ ဒီနေ့လုပ်သင့်တဲ့အလုပ်က မနက်ဖြန်မှာ
ပျောက်ပျက်သွားတာမျိုးလဲ ရှိနိုင်တယ်။

"မနက်ဖြန်" ဘယ်လောက်ရှည်လျားသလဲ?

ဘယ်သူမှ ရေရေရာရာ မပြောနိုင်ခဲ့ပါဘူး။

မနက်ဖြန်က ခမ်းနားထည်ဝါမလား? ရှုံးနိမ့်ကျဆုံးမလား? ဘယ်သူမှလည်း မသိနိုင်ခဲ့ပါဘူး။
မနက်ဖြန်က ကျွန်တော်တို့ကို အခွင့်အရေးတွေပေးသလို မနက်ဖြန်က ကျွန်တော်တို့ကို
စိန်ခေါ်မှုတွေပေးတယ်။

မနက်ဖြန်ရဲ့ မျှော်လင့်ခြင်းကလှပပေမယ့် မနက်ဖြန်ရဲ့လမ်းတွေတိုင်းက ဆူးခက်တွေနဲ့
ညီညာမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုက နေရောင်ခြည်လင်းလက်ပြီး
ပန်းပွင့်တဲ့မနက်ဖြန်တိုင်းက ကြိုးစားရုန်းကန်သူတိုင်းကို
ရင်ဖွင့်ကြိုဆိုနေမှာပါပဲ။

ဒါကြောင့်…………..


"မနေ့က" ရဲ့ သင်ခန်းစာနဲ့ အတွေ့အကြုံကို အသုံးပြုပြီး


"ဒီနေ့"ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေ။


"မနက်ဖြန်"တိုင်းရဲ့ စိန်ခေါ်မှုကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး လူ့ဘဝကို ကောင်းမွန်ပြည့်စုံတဲ့ အဆုံးသတ်ပုဒ်မနဲ့ အပြီးသတ်နိုင်ပါစေ။


ညအလင်္ကာ


၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြှားနတ်မောင်နှင့် အချစ်ပုံပြင် (၁)




မြားနတ်မောင်လေး ရဲ့ဖြစ်ပုံကို ကြည့်ပြီး အားလုံးပဲ စိတ်မကောင်း ဖြစ်နေရမယ်ထင်ပါတယ်။ မြားနတ်မောင် လေး ကျောမှာ စိုက်နေတဲ့ မြှားဟာ တစ်ခြားသူ တစ်ဦးက ပစ်လိုက်တဲ့မြှားမဟုတ်ပါဘူး။ သူကိုယ် တိုင်ပစ် လိုက် တဲ့ မြှားက သူ့ကိုစိုက်နေတာပါ။ ဇာတ်လမ်းရဲ့ အဓိက တရားခံကတော့ အနော် ပါပဲဗျာ... ဖြစ်ပျက်ပုံကို ဇာတ်စုံ ခင်းပြတော့မယ်... ဖြစ်ပျက်ပုံအလုံးစုံ ရဲ့ အစ ပထမ ကနဦးက တော့ ဒီလိုပါ -------

ကွန်ပျူတာလေး မသုံးတတ် သုံးတတ်နဲ့ အင်တာနက်ဆိုင်ကိုလာလာပြီး အင်တာနက် သုံးတာကနေအစ ပြု တာပါပဲ။ အစကတော့ အချစ်ဆိုတာကို မစဉ်းစားခဲ့ပါဘူး။ အင်တာနက်မှာ လိုတာအကုန်ရှာလို့ရတယ်လို့ သူ များတွေက ပြောကြတယ်။ အင်း ဟုတ်ပါတယ်။ Google ကို ဖွင့်ပြီး ရှာချင်ရာရှာ အကုန်တွေ့တယ်။ ဒီလိုနဲ့အင် တာနက် သုံးတာ လူပါးလေး ၀လာတော့ ဟိုဆိုဒ်ဝင်ဒီဆိုဒ်ဝင်နဲ့ Face Book ပေါ်ကိုရောက်လာတယ်။ ဆိုင်က ကိုကိုတွေ မမတွေက အသုံးပြုပုံလေး သင်ပြပေးတယ်လေ။ ဒီလိုနဲ့ Face Book ကို စသုံးဖြစ်တယ်။ Face Book ကို Social Networking ဆိုလားပဲပြောကြတယ်။ တော်တော်များများလဲ သုံးကြတယ်လေ။ 
Face Book အကောင့်ဖွင့်ထားတာ သိပ်မကြာသေးပါဘူး။ မမချောလေး တစ်ယောက်နဲ့ Gtalk မှာချတ်နေရာ ကနေ သူက Face Book သုံးလားဆိုတော့ သုံးတယ်လို့ပြောလိုက်တယ်။ သူနဲ့စကားတွေ စပြောဖြစ်တယ်။ သူ့ Face Book အကောင့်ကိုပြောပြတယ်။ အက်လိုက်တာပေါ့။ သူ့ Profile မှာ ခွေးပုံလေးတင်ထားတယ်။ မှတ်မှတ်ရရရှိနေပါသေးတယ်။ စကားတွေတော်တော်များပြောလာပြီးတဲ့ အခါမှာ သူ့ရဲ့ face book Profile မှာ သူ့ပုံလေးတင်ထားတာ တွေ့ရတယ်။ ဇာတ်လမ်းက အဲဒီကနေစတာပဲ။ အစကတော့ လှောင်လိုက်ပြောင် လိုက်နဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ စကားတွေပြောနေတာပါ။ သူ့ဓာတ်ပုံလေးတွေတွေ့ရတော့ အနော် စိတ်တွေ တစ် မျိုးပြောင်းသွားတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ချစ်သွားတယ်ပေါ့ဗျာ.... 
ဒါနဲ့ပဲ သူနဲ့ ရင်းနှီးမှုပိုရချင်တယ်။ ချစ်သူဖြစ်ခွင့်ရချင်တယ်။ သူ့ကိုလည်း ပွင့်ပွင့်လင်းပြောမိပါတယ်။ အွန်လိုင်း ကနေပေါ့ ... ။ သူက မိန်းခလေးဆိုတော့ စဉ်းစားတာတွေ၊ တွေးတောတာတွေနဲ့ ဘယ်လိုလုပ်ပြီး လွယ်လွယ် လေးဖြစ်နိုင်ပါ့မလဲ ။ အချိန်အတိုင်းအတာ တစ်ခုတော့ လိုတယ်လို့ ပြောတယ်။ စဉ်းစားရင်း အကြံတွေအိုက် လာတယ်။ အမြန်ဆုံး နီးစပ်ခွင့်ရချင်တယ်။ စဉ်းစားရင်း .. . စဉ်းစားရင်း ကနေ .. မြှားနတ်မောင် ... ဆိုတာကို သတိရသွားတယ်။ မြှားနတ်မှောင်ကို ဘယ်လိုဆက်သွယ်ရမလဲ မသိသေးဘူး။ လိုချင်တာ အကုန်ရှိတဲ့ ရန်ကုန် လမ်းညွှန် ကိုလျှောက်လှန်လိုက်တော့မှ ပဲ ... မြှားနတ်မောင် ... ရဲ့ ဖုန်းနံပါတ်ကို သွားတွေ့ရတယ်။ 730 နဲ့ စတဲ့ ငါးသိန်းတန်ဖုန်းနံပါတ်ပါ။ မြှားနတ်မောင်ကလဲ GSM တောင်မကိုင်နိုင်ဘူးလားလို့ အထင်သေးမိ ပါတယ်။
730 ဘယ်လောက်..ဘယ်လောက် ကို နှိပ်ပြီးဖုန်းခေါ်လိုက်တယ်။ Hello ! မြှားနတ်မောင် ပါတဲ့၊ အရမ်းပျော် သွားတယ်။ အာ.. ဆရာ မြားနတ်မောင် အနော် ဆရာကို အကူအညီတောင်းချင်တယ် လို့ပြောလိုက်တော့ .. အေးပြောတဲ့... မင်း တဏှာထနေတယ် မှတ်လားတဲ့။ :P အာ ဆရာရယ် အဲလိုမဟုတ်ပါဘူး။သူ့ကို တကယ် ချစ်မိသွားလို့ပါ ပြောပြီး အသနားခံရတယ်။ အေးပါ တဲ့။ ငါကကူညီတာတော့ ကူညီတာပဲကွတဲ့ ။ ဒါပေမယ့် လက်ခတော့ယူတယ်တဲ့..။ ပြောပါ ဆရာရယ် ဘယ်လောက်ပေးရမလဲ ဆိုတော့ မင်းဘယ်လောက်တတ်နိုင် လဲတဲ့... 
အလုပ်လုပ်ပြီး စုထားတာလေး က နှစ်ပုံးနီးပါးရှိပါတယ်။ ဆရာ ကျွန်တော် တစ်ပုံးခွဲလောက်တော့တတ်နိုင်ပါ တယ်လို့ ပြောလိုက်တယ်။ အေး အဲဒီလောက်မင်းတတ်နိုင်တယ်ဆိုရင် Special လုပ်ပေးမယ်တဲ့။ ငါပုံမှန်ယူ တာတော့ တစ်ပုံးပဲတဲ့။ မင်းကပိုပေးနိုင်တယ်ဆိုတဲ့ အတွက် Special ပါတဲ့ခင်ဗျာ....
ဆရာ ဘယ်ရက်လောက်အားမလဲ ဆိုတော့ အခုလာခေါ်ပါတဲ့ ... ။ အလုပ်မရှိလို့ ပုန်းပျောက်နေတာကြာ ပြီ တဲ့.... အင်း ကျွန်တော် ကားနဲ့ အခေါ်လွှတ်လိုက်ပါ့မယ်လို့ ပြောလိုက်ာတယ်.... အေး အေး မင်းကိုပြောရအုံး မယ်... ငါ့ကို မြန်မာပြည်က ထုတ်တဲ့ကားတွေနဲ့ တော့ အခေါ်မလွှတ်နဲ့နော် .... ငါ့ကိုအခေါ်လွှတ်ရမယ့်ကား မင်းကို ပြမယ်တဲ့........... ပြစေဆိုတော့ ....... ဟောဒီမှာဗျာ မြှားနတ်မောင်ကို အခေါ်လွှတ်ရမယ့် ကား က......


ဒီလိုကားမျိုးနဲ့မှတဲ့ ... ဒီကားမျိုးတွေက ကျွန်တော်တို့ နိုင်ငံမှာ ၀န်ကြီးသားတွေလောက်ပဲ စီးနိုင်တာပါ..ဆို တော့ ..... မသိဘူးတဲ့ ... မင်း အဆင်ပြေချင်တယ်ဆိုရင်တော့ ငါပြောသလိုသာလုပ်ပါတဲ့ .....
ဆက်လက်ရေးသားပါမည်။ :P
ငါ့ဘ၀ တာရာ ကို မင်းနင်းခြွေသွားပါ ချစ်ရသူ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သမိုင်းဝင် ချီလီသတ္တုတွင်း


ချီလီသတ္တုတွင်းလုပ်သားများ ငရဲတွင်းမှလွတ်ပြီ




သြဂုတ်လ ၅ ရက်နေ့ကတည်းက မြေအောက် ၂၂၇၅ ပေကျော်ရှိ လိုဏ်အတွင်း ပိတ်မိနေခဲ့သော ချီလီသတ္တုတွင်း လုပ်သားများကို အောက်တိုဘာလ ၁၂ ရက်နေ့ ချီလီဒေသစံတော်ချိန် သန်းခေါင်းယံ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲ)မှ စတင်ခဲ့ရာ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲတွင် ၁၇ ဦးမျှ ကယ်ဆယ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၃၆ နာရီအတွင်း အားလုံး ကယ်ဆယ်နိုင်ရန် မျှော်လင့်ထားကြောင်း ထုတ်ပြန်ထားသည်။



ဆွဲထုတ်မှုမှာ တစ်ဦးလျှင် ၁၅ မိနစ်၊ ၁၆ မိနစ်မျှသာ ကြာမြင့်ပြီး ကယ်ဆယ်ရေးတွင်း အတွင်းမှ အောက်ခြေအထိရောက်အောင် သွင်းရသည်မှာ မိနစ် ၂၀ မျှ ကြာမြင့်သည်။ထို့ကြောင့် လူတစ်ဦး ကယ်ဆယ်ရန် ကြာချိန်မှာ စုစုပေါင်း တစ်နာရီဝန်းကျင် ရှိသောကြောင့် နောက်တစ်နေ့ကူးပြီး ဆက်လက် ကယ်ဆယ်ရဖွယ် ရှိနေသည်။ ကယ်ဆယ်မှု အဆင်ပြေသည်နှင့် ဆွဲထုတ်သည့် အချိန်ကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်သွားမည် ဖြစ်သည်။



ကယ်ဆယ်မှုကို ချီလီနိုင်ငံ တစ်လွှားမှသာမကာ ကမ္ဘာတစ်ဝန်းမှ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုများမှ တစ်ဆင့် စောင့်ကြည့်ခဲ့ကြသည်။

နိုင်ငံပေါင်း ၃၉ နိုင်ငံမှ မီဒီယာသမား ၁၅၀၀ ခန့် လာရောက် သတင်းယူခဲ့ကြပြီး မြောက်အမေရိကတိုက်တွင် သာမက၊ ဥရောပနှင့်အရှေ့အလယ်ပိုင်း ရုပ်သံသတင်းများကပါ တိုက်ရိုက် သတင်း ထုတ်လွှင့်ခဲ့ကြသည်။



ချီလံအလံတော်အရောင် အနီ၊ အဖြူ၊ အပြာ ချယ်ထားသည့် ပြွန်ဗူးဖြင့် ပထမဆုံး ထွက်လာခဲ့သူမှာ ဖလော်ရင်ကိုအဗာလိုစ် ဖြစ်ပြီး မိသားစုဝင်များနှင့် ချီလီသမ္မတို့က ကြိုဆိုခဲ့ကြသည်။အမှောင်ထုတွင်း ကာလရှည် နေခဲ့ရသောကြောင့် နေကာမျက်မှန်တပ်ဆင်ကာ ထွက်လာခဲ့ရသည်။

ဒုတိယမြောက် လွတ်မြောက်လာသူ အသက် ၄၀ အရွယ်ရှိ မာရီယိုဆီပူလ်ဗီဒါကမူ ကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် လာရောက်ကြည့်ရှုသူအားလုံးကို အံ့အားသင့် ပျော်ရွှင်စေခဲ့သည်။ အ၀ါရောင် အိတ်တစ်အိတ်ကို သူနှင့်အတူ ယူဆောင်လာခဲ့ပြီး အိတ်အတွင်းမှ စက္ကူစုတ်များကို လွှင့်ပစ်ပြီး မြေအောက်မှပါလာသော ကျောက်တုံးငယ်များကို ကယ်ဆယ်ရေးလုပ်သားများနှင့် တာဝန်ရှိသူများကို လက်ဆောင်အဖြစ် ပေးခဲ့သည်။

ကယ်ဆယ်ရေးပြွန်မှာ လူတစ်ကိုယ်စာသာ ပခုံးအထိရှိပြီး အောက်စီဂျင်ဘူးနှင့် အကာအကွယ်များ ၀တ်ဆင်ကာ လိုက်ပါရခြင်း ဖြစ်သည်။

ပထမဆုံးထွက်ရမည့်သူ ၄ ဦးမှာ ကြံ့ခိုင်မှု အကောင်းဆုံးသူများ ဖြစ်ပြီး နောက်လူများတွင် ကိုယ်ကာယနှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းနေသူများကို ဦးစားပေး ထွက်စေခဲ့ခြင်း ဖြစ်သည်။ ကယ်ဆယ်ပြီးသူများကို ဆေးစစ်မှု နှစ်နာရီကြာ ပြုလုပ်ပြီး ရဟတ်ယာဉ်ဖြင့် ၁၅ မိနစ်သာ သွားရသည့် ကိုပီယာပိုမြို့ ဆေးရုံသို့ ပို့မည်ဖြစ်သည်။

မိုင်းတွင်း လုပ်သားခေါင်းဆောင် လူးဝစ်ဇ်အယ်လ်ဘာတိုအူဇွာသည် နောက်ဆုံးမှ တက်ရန် စီစဉ်ထားသည်။ ကယ်ဆယ်ရေးအတွက် ရှေးဦးစွာ ကျွမ်းကျင်သူ မန်နျူရယ်ဂွန်ဇာလက် တွင်းအတွင်း ဦးစွာ ဆင်းသွားခဲ့ပြီး ကျွမ်းကျင်သူ စုစုပေါင်း ၅ ဦး အထိ တွင်းအတွင်းဆင်းကာ ကယ်ဆယ်ရေး စီမံရန် စီစဉ်ထားသည်။

ကယ်ဆယ်ရေး အစီအစဉ်မှာ ၁၇ ဦး ထုတ်ပြီးချိန်အထိ အဆင်ပြေနေဆဲ ဖြစ်သော်လည်း ကျောက်ပြိုကျခြင်းကဲ့သို့သော မတော်တဆမှုများ ဖြစ်ပေါ်လာပါက တွင်းဆို့သွားမည်ကို စိုးရိမ်ရသည်ဟု ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်သူ အန်ဒရေဆောက်ဂရက်က သတိပေးထားသည်။

ဤသတင်းဆောင်းပါးကို Eleven ဂျာနယ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။

ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်သူအတွက်

ချစ်သူအတွက်

ငါဟာ...တခါတခါ
အဖော်မဲ့....ငှက်တစ်ကောင်အလား.....
တမ်းတခြင်း....အလွမ်းတေးကို
အဆက်မပြတ်...ငါ အော်ညည်းနေမိတာ
မင်းကြားနိုင်ပါ့မလား....။

ငါဟာ...တခါတခါ
ကာရံမဲ့....သံစဉ်တစ်ခုအလား
ချစ်ခြင်း...တေးသွားတစ်ပုဒ်ကို
တိုးတိုးလေး...ငါ ဆိုညည်းနေမိတာ
မင်းကြားနိုင်ပါ့မလား.......။။

ဆုံဆည်းခြင်းကို......မျှော်လင့်ခွင့်မရှိတဲ့...ငါ..
တမ်းတခြင်း.....အလွမ်းတေးကိုတော့...
အထပ်ထပ်ဆိုညည်းခွင့်ရှိတယ်.....။။။

ပိုင်ဆိုင်ခြင်းကို...ဖမ်းဆုပ်ခွင့်မရတဲ့...ငါ..
ပေးဆပ်ခြင်း....အချစ်တစ်ခုကိုတော့
ရင်ထဲမှာ...ထာဝရ....သိမ်းဆည်းခွင့်ရှိတယ်.......။။။။

မင်းကိုချစ်ခွင့်ရရုံနဲ့…ကျေနပ်နေတဲ့ငါဟာ
ဘာကိုမှလဲ မမျှော်လင့်ချင်တော့ပါဘူး…
ဒါပေမယ့်…….
အသက်မဲ့နေတဲ့....ငါ့ရဲ့ အိမ်မက်ပန်းချီကားတစ်ချပ်...
အသက်ဝင် တောက်ပလာအောင်…
ရေးဆွဲခွင့်တော့…ရချင်တယ်…....။။။

ညအလင်္ကာ
၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

" အလုပ် ဟူသမျှ ဂုဏ်ရှိစွ "

" အလုပ် ဟူသမျှ ဂုဏ်ရှိစွ "

ပြောချင်တာက " အလုပ် ဟူသမျှ ဂုဏ်ရှိစွ " ဆိုတဲ့ကိစ္စပါ။အလုပ်လုပ်တဲ့လူဟာ အပြစ်တင်စရာ ရှိလာရင်လည်း ခံရတယ်။ ကဲ့ရဲ့စရာပေါ်လာရင်လည်း ခံရတယ်။ ပင်ပန်းစရာ ရှိတော့လည်း ဒီလူပဲ။

ဒါဖြင့် ..... အလုပ်လုပ်တဲ့လူဟာ ဘာဂုဏ်ရှိသလဲ။

ဒီနေရာမှာလည်း " ဂုဏ် " ဆိုတာ ဘာလဲ ? လို့ထပ်ပြီးမေးစရာ ရှိလာပြန်ပါတယ်။

လူအတော်များများကတော့ ဂုဏ်ဆိုတာ ကြွားဝါစရာ တစ်ခုလို၊ လူလုံးပြစရာ အဆင်တန်ဆာတစ်ခုလို ...၊
နာမည်ကျော် ကုန်ပစ္စည်း အမှတ်တံဆိပ်လို သဘောထားနေကြတာပါ။

သင့်အနေနဲ့ သဘောမတူရင် ငြင်းခုံနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော် ဥပမာလေးတစ်ခု ပြောပြပါရစေဦး။

အရပ်ထဲမှာ သူသူငါငါ ပြောနေတဲ့ စကားလေးတစ်ခွန်းပါ။

" ကျွန်မ သမီးလေးကတော့ ဘွဲ့ရပြီးပြီ။ မိန်းကလေးဆိုတော့တခြားအလုပ်လည်း မသင့်တော်တာနဲ့ ကျောင်းဆရာမပဲ ၀င်လုပ်ခိုင်းလိုက်တော့တယ်။ ကျောင်းဆရာမဆိုတော့ဂုဏ်ရှိတာပေါ့” ဒီစကားအတိုင်း အတိအကျ မဟုတ်တာတောင် အလားတူအဓိပ္ပာယ်ရတဲ့ စကားမျိုးတွေကို သင့် ပတ်ဝန်းကျင်မှာလည်း ကြားကောင်းကြားဖူးပါလိမ့်မယ်။

" ဂုဏ်ရှိဖို့ " ဆိုတဲ့ ရည်ရွယ်ချက်ကို အဓိကထားပြီးကျောင်းဆရာမအလုပ်ကို ရွေးချယ်ခဲ့တဲ့ မိန်းကလေးဟာ တကယ်တမ်း " ဆရာမ " .....ဖြစ်လာတဲ့အခါ တာဝန်ကျေပွန်နိုင်ပါ့မလား ? ကျောင်းသား တွေအပေါ်တကယ်စေတနာထားနိုင်ပါ့မလား ? သူ့ဘ၀ကို " စာသင်ကြားခြင်း " အလုပ်ထဲ ဘယ်လောက်ထိနစ်မြုပ်နိုင်ပါ့မလဲ .....
ဘယ်လောက်ထိအနစ်နာခံပြီး စိတ်ပါလက်ပါအားသွန်ခွန်စိုက် လုပ်ကိုင်နိုင်ပါ့မလဲ ..... ။

နိုင်ငံတစ်နိုင်ငံအတွက် " ကျောင်းဆရာမ " တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ သဘောမပေါက် နားမလည်ဘဲနဲ့ " ဂုဏ်ရှိရုံသက်သက် " ကျောင်းဆရာမ ၀င်လုပ်တဲ့ မိန်းမတစ်ယောက်ကြောင့် ရာပေါင်း ထောင်ပေါင်းများစွာသောကျောင်းသားတွေရဲ့ ဘ၀လမ်းကြောင်းမှာ နစ်နာစရာဒဏ်ရာတွေရသွားမှာကို တွေးကြည့်ရင် ကြောက်စရာ ကောင်းပါတယ်။

ကျွန်တော်တို့ဆီမှာ လူအတော်များများဟာ " အလုပ် " ကို ရွေးချယ်ရာမှာ အ၀တ်အစားဝယ်သလောက်တောင် ဂရုမစိုက်ပဲ ဖြစ်ကတတ်ဆန်း ရွေးချယ်ကြတာကို သတိထားမိပါတယ်။

ကိုယ်လုပ်မယ့် အလုပ်ရဲ့ သဘောသဘာဝက ဘာလဲ ?
ကိုယ့်ပင်ကိုယ်စိတ်နေ ကိုယ်ထားသဘာဝနဲ့ ကိုက်ညီရဲ့လား ?
ဒီအလုပ်အပေါ်မှာ ကိုယ်ဘယ်လောက်ထိ စေတနာထားအားစိုက်ပြီး လုပ်နိုင်မှာလဲ ?
ဒီအလုပ်အတွက် ကိုယ့်ဘ၀တစ်ခုလုံးကို နှစ်မြုပ်နိုင်ရဲ့လား ? .... စသဖြင့်အပြန်ပြန်အလှန်လှန်စဉ်းစားသင့်ပါတယ်။

(ကိုယ်နဲ့ အလုပ်နဲ့ နေရာလွဲနေပြီဆိုရင်.....သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်စလုံးမှာ နစ်နာစရာတွေအများကြီးဖြစ်လာမှာကိုး )

ကျွန်တော့် သူငယ်ချင်းမိန်းကလေးတစ်ယောက်ဆိုရင် ဘွဲ့ရပြီးတဲ့အပြင် ဒီပလိုမာသင်တန်းတွေတက်၊
ကွန်ပျုတာ၊ စာရင်းကိုင်၊ အင်္ဂလိပ်စာ၊ ပြင်သစ်စာ၊ တရုတ်စာ၊ စီမန်ခံခွဲမှု ..... စတဲ့ ဘာညာဘာညာ
သင်တန်းတွေ အကုန်တက် အောင်လက်မှတ်တွေ တစ်ပြုံကြီး ကိုင်ထားပါတယ်။
ပြီးတော့ ..... အလုပ်လစ်လပ်ကြောင်းကြော်ငြာမှန်သမျှကို စုံတကာစေ့အောင် လိုက်လျှောက်တော့တာပါပဲ။ အဲဒီလိုဦးတည်ချက် ပီပီပြင်ပြင်မရှိပဲရွေးချယ်ထားတဲ့ အလုပ်တစ်ခုကနေ ဘယ်လို " ဂုဏ် " မျိုးရနိုင်မှာတဲ့လဲ ?

အ၀တ်အစား လှလှပပ ၀တ်ပြီး ချွေးမထွက်ရပဲသက်သောင့်သက်သာ နေကောင်းနေရပါလိမ့်မယ်။
ဒါပေမယ့်အဲဒါဟာ ဂုဏ် မဟုတ်ပါဘူး။ လစာငွေကောင်းကောင်း ခံစားခွင့်ကောင်းကောင်းရချင်ရပါလိမ့်မယ်။
အဲဒါဟာလည်း ဂုဏ် မဟုတ်ပါဘူး။ အဆင်တန်ဆာတွေပဲ ဖြစ်ကြပါတယ်။


ဒါဖြင့် ..... " ဂုဏ် " ဆိုတာဘာလဲ ???

* (၁) ကျွန်တော်တို့ဟာ ( တခြားတိုက်တွန်းမှုတွေ၊ သွေးဆောင်ဖြားယောင်းမှုတွေမပါပဲ ) ကိုယ်စိတ်ပါလက်ပါ အားသွန်ခွန်စိုက်နဲ့စေတနာအပြည့်လုပ်ဖို့ ရည်ရွယ်ပြီး " အလုပ် " တစ်ခုကို သိစိတ်ရှိရှိ ရွေးချယ်ရမယ်။
* (၂) အဲဒီလိုရွေးချယ်လုပ်ကိုင်နေရင်းကပဲ ... ဝေဖန်မှုတွေ၊ ကဲ့ရဲ့မှုတွေကို ခံရမယ်။ အပြစ်ဒဏ်တွေကိုလည်း ခံရမယ်။ ပုံပြင်ထဲကနွားလို ပင်ပန်းစရာရှိရင်လည်း မညည်းမညူခံနိုင်ရည်ရှိရမယ်။
* (၃) အဲဒီလို ခံနိုင်ရည် ရှိခြင်းသည်ပင်လျှင် " လူသား " ဆိုတဲ့မှတ်ကျောက်တင် စစ်ဆေးခြင်းကိုဖြတ်သန်း အောင်မြင်သော " ဂုဏ် " ဖြစ်တယ် ..... လို့ ပြောပါရစေဗျာ

ညအလင်္ကာ
၂၀၁၀ခုနှစ်၊အောက်တိုဘာလ(၁၄)ရက်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

” အချစ်ကို တန်ဖိုးထားပါ”

စကား တစ်ခွန်းရဲ့ နောက်က အတိမ်အနက်ဆိုတာတွေကို လေ့လာဆန်းစစ်ကြမယ်ဆိုရင်အဓိပ္ပာယ်တွေက ကိုယ့်အယူအဆနဲ့ကို အမျိုးမျိုးအဖုံဖုံဖြစ်လာမှာပါ။ ဒီအထဲအကမှ လောကမှာ ရေပန်းအစားဆုံး စကားလုံးက Love (အချစ်) ဆိုတဲ့ စကားလုံးလေးပါ။ရှေးဆရာကြီးတွေက ဒီစကားလုံးလေးကို အဓိပ္ပာယ်တွေအမျိုးမျိုးဖွင့် ဆိုခဲ့ကြပါတယ်။သူ့အယူအဆနဲ့သူ အားလုံးမှန်နေကြတာပဲလို့ ယူဆမိပါတယ်။ 
တစ်ခါတုန်းက အချစ်ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ဆုံဖူးတယ်။အဲဒီတုန်း
တော့ ကိုယ်တိုင်က ဒီအရာကိုလေးလေး နက်နက်မခံစားတတ်သေးတဲ့ အချိန်ပါ။ သူပြောသမျှ စကားလုံး တွေက ကိုယ့်အတွက်တော့ ဟာသလိုပဲဖြစ်ခဲ့တယ်။ သူ့နောက်ကွယ်မှာ “ ရူးပါတယ်ကွာ” ဆိုပြီးတော့ ဟား တိုက် ခဲ့တယ်။ အဲဒီပုဂ္ဂိုလ် တကယ်ခံစားနေရတယ်ဆိုတာတော့ သေချာပါတယ်။ သူနဲ့ ငယ်ငယ်လေးထဲက ချစ်ခဲ့ကြိုက်ခဲ့တဲ့ အမျိုးသမီးက8888 နဲ့ပတ်သတ်ပြီး တတိယနိုင်ငံတစ်ခုကိုရောက်နေပြီ ဆိုတာလည်း သူပြော ပြလို့သိခဲ့ရပါတယ်။
ဒီကပုဂ္ဂိုလ်ကတော့ သူနဲ့တွေ့ရဖို့ အမျိုးမျိုးကြိုးစားနေတယ်။ သူငယ်ချင်းအေးဂျင့်တွေဆီလာပြီး အဝေးက အမျိုးသမီးနဲ့ တွေ့နိုင်မယ့်နည်းလမ်းတွေ၊ အဆက်အသွယ်ရနိုင်မယ့်နည်းလမ်းတွေလာမေးရှာတယ်။ တကယ် လည်း သနားစရာကောင်းပါတယ်။ အစွဲအလန်း ကြီးတဲ့သူဆိုပြီး အပြစ်တင်လို့လဲ ရပါတယ်။လူတိုင်းမှာ သူ့အ ယူ အဆနဲ့သူဆိုတော့ ခံစားမှုအပိုင်းမှာလည်း ကွဲပြားကြမှာပါ။ တစ်ချို့ကတော့ one go two come ဆိုတာမျိုး လုပ်တတ်ကြတယ်။ ဒီလိုပုံစံတွေက ယနေ့ခေတ်မှာ ပိုပြီးတော့တောင် တွင်ကျယ်လာပါပြီ။ တစ်ချို့တွေ မှာကြတော့လည်း ဒီလိုလွယ်လွယ်လေး မစွန့်လွှတ်နိုင်ကြတဲ့ အတွက် သစ္စာတွေ မေတ္တာတွေ ရင်မှာပိုက်ပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်တယ်ဆိုတဲ့ သာဓကတွေတောင်ရှိခဲ့ပါတယ်။
အချစ်ကို မခံစားတတ်သေးတဲ့ အရွယ်မှာ သူများပြောတာတွေကို ဟာသလုပ်ခဲ့မိတဲ့ ကံကြောင့်များလား? ကျွန်တော်လဲ အချစ်ကံတော်တော်ခေပါတယ်။ အချစ်ကို ဘယ်လိုမျိုးအဓိပ္ပာယ်တွေဖွဲ့ ပြီး ချဉ်းကပ်ရ မယ်ဆို တာလည်း နားမလည်ဘူး။ ချစ်မိတယ် ဆိုတာလောက်ပဲသိတယ်။ အဲဒီတော့ ချစ်မိပါတယ် လို့ပဲတည့် တိုးပြော တယ်။
အချစ်အတွက် ဆက်လက်စဉ်းစားခန်းဝင်ကြည့်တော့ တော်တော်မလွယ်တဲ့ အချစ်ပဲ။အချစ်နဲ့ စတင်တယ်။ အိမ်ထောင်ပြု ။ ကလေးတွေရ။ နေရေးထိုင်ရေးပူရ။ စားရေးသောက်ရေးပူရ။ အော် အဲဒါကြောင့်လည်း သူတို့ လေးတွေက စဉ်းစားရမယ်ဆိုတဲ့ စကားလုံးကိုအသုံးပြုနေကြတာကိုး။ သူတို့မှန်တယ်။ ရူးမိုက်တဲ့ ချစ်လူကြမ်း ကြီးတွေ မှားတာပေါ့ဗျာ။
အချစ်တစ်ခုကို တကယ်လေးလေးနက်နက်ဖြစ်စေချင်ရင် တကယ်မလွယ်တဲ့ ကိစ္စပါ။တကယ်ချစ်တဲ့သူတွေ ထမင်းရည်ပူအတူသောက်၊ မယ်တစ်ထမ်းမောင်တစ်ရွက် ( အယ်.. ဟုတ်ပါဘူးမောင်တစ်ထမ်း ၊ မယ်တစ် ရွက်နော်) ဆိုတာက ဒီခေတ်မှာ သိပ်မသုံးကြတော့ဘူး။တကယ်တမ်းကြတော့လည်း အဲဒီ ထမင်းရည်ပူ အတူသောက်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ တကယ့်အိမ်ထောင်ရေးတွေမှာ မပြည့်စုံတဲ့ အတွက် ဆူညံပွက် လောရိုက်နေတဲ့ မိသားစုတွေဘ၀ဟာ တကယ်တရားရဖို့ကောင်းပါတယ်။
စဉ်းစားကြပါ။ ကိုယ်လိုချင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ချစ်သူတစ်ယောက်ကို ရရှိနိုင်ကြစေ။ ပျော်ရွှင် သော အချစ်၊ သာယာသော အချစ်၊ အနှစ်တစ်ရာတိုင်မယ့် အချစ်စစ်အချစ်မှန် ဆိုတာတွေနဲ့ တွေ့ရှိနိုင်ကြ ပါစေ။ ကျွန်တော်ကတော့ ရူးရူးမိုက်မိုက် ချစ်မိနေပါသည်။ ။
တာရာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

'အသိတရား'


ရင်ထဲမှာ ကြည်ကြည်နူးနူးလေး ခံစားရပါတယ်ဗျာ
ခလေးလေးကြည့်ရတာ စကားတောင် ပြောတတ်အုံးမဲ့ပုံတောင်မပေါ်သေးပေမဲ့...
သူလေးရဲ့ အသိတရားနဲ့  ဦးနှောက်သေးသေးလေးထဲမှာ ကိန်းအောင်းနေတဲ့.......
အဲ့လိုကိန်းအောင်းနေရအောင်လည်း သူ့ပတ်ဝန်းကျင်က လူကြီးသူမတွေရဲ့ ...
ပြုမူပြောဆိုနေထိုင်မူတွေ ဘာသာတရား ကိုင်းရှိုင်းမူတွေကိုပါတခါထဲ..
အားလုံ့းကို စပ်ဆပ်တွေးကြည့်သွားလို့ရအောင်ကို ဓါတ်ပုံလေးက ညွှန်းနေတာပါပဲ...
အဲ့တာကြောင့်....
ခလေးတွေရှေ့မှာ သူငယ်သေးတယ်..
ခလေးလေးပဲ ...
ဘာမှနားလည်မှာမဟုတ်ဘူးဆိုပြီးတော့ အပြုအမူ အပြောအဆိုတွေ..
အဆင်မခြင်မလုပ်ကြဖို့ ဒီပုံလေးက သက်သေပြနေတာပါပဲ

အမျိုး ဘာသာ သာသနာဆိုတာ ကြီးသူ ငယ်သူ မည်သူမဆို
စောင့်ထိန်းကာကွယ်ရမဲ့တာဝန်ရှိပါတယ်ဆိုတဲ့အကြောင်း။။

 ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူငယ်ချင်းဆိုတာကို သင်ဘယ်လိုခံယူထားပါသလဲ?

သူငယ်ချင်းဆိုတာကို သင်ဘယ်လိုခံယူထားပါသလဲ? 

A Good Friend Is The Best Gift Of All !!!

သူငယ်ချင်းတွေက ကျွန်တော့်ဘ၀အတွက် အရေးကြီးတယ် လို့ ခံယူထားပါတယ် သူတို့မရှိရင် ကျွန်တော် ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်လေ လောကကြီးမှာ နားမလည်နိုင်တာတွေ ဖြစ်လာတက်ပါတယ်။ လက်သင့်မခံနိုင်တဲ့အရာ တွေပေါ်ပေါက်လာတက်ပါတယ်။ အဲဒီအခါမှာ စိတ်ဓာတ်က ဟိုးအောက်ထဲထိ ရောက်သွားတက်ပါတယ်။ စိတ်ဓာတ် တွေသည် မျက်ရည်တွေနဲ့ အတူတူကျနေတက်တယ်။ အဲဒီအချိန်မှာ မျက်ရည်တွေကို ဝေမျှပေးနိုင်တဲ့သူ၊ တကယ့် စိတ်ရင်းစေတနာတွေနဲ့ စိတ်ဓာတ်ကိုပြန်လည် မြင့် တင်ပေးနိုင်မယ့်သူတွေက သူငယ်ချင်းတွေပဲ ဖြစ်နေတာများပါတယ်။ အားနည်းချက်တွေဟာ လူတိုင်းမှာရှိပါတယ၊် ကိုယ့်သူငယ်ချင်းကို ကိုယ့်ရဲ့အားနည်းချက်တွေ သိသွားမှာကို မစိုးရိမ်ပါနဲ့ ဘာ လို့ဆိုတော့ သူကကိုယ့်သူငယ်ချင်းလေ အဲဒီအားနည်းချက်တွေကို ဖုံးကွယ်တတ်အောင် မေ့သွားအောင် သူကူပြီး ကြိုးစားပေးမှာပါ၊ တစ်ချို့လူတွေကတော့ ထင်လိမ့်မယ် သူငယ်ချင်းတွေ မရှိလဲ ဘာမှမဖြစ် ပါဘူးလို့၊ အဲဒါမှားတယ်လို့ ထင်ပါတယ်။
စာဖတ်သူတို့သေသေချာချာတွေးကြည့်ပါ၊ ကျွန်တော်တို့ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ကျောင်း တွေတက်ခဲ့ တယ။် ကျူရှင်တွေယူခဲ့တယ် တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ အတူတူရှိနေတဲ့ အချိန်ဟာ အဖေ အမေ အစ်ကို အစ်မ ညီလေး၊ ညီမလေး၊ မိသားစုတွေနဲ့ နေရတာထက်ကိုများပါတယ် အဲဒီတော့ မမြင်နိုင်သံယောဇဉ်တွေ ချည်နှောင်နေတာ မသေးလှပါဘူး။ အဆောင်အတူနေတဲ့ သူငယ်ချင်း တွေဆို ရင်တော့ ညီအစ်ကို ညီအစ်မ တွေလိုပါပဲ၊ အတူတူအိပ် အတူတူစားကိုး။ No one is an island ဆိုတဲ့စကားရှိပါတယ် လူဆိုတာ တစ်ယောက်တည်းနေဖို့ မဖြစ်နိုင်ပါဘူး။ လူဆိုတာ အပေါင်းအသင်း အသိုင်းအ၀ိုင်းနဲ့နေတဲ့အမျိုးပါ။ တစ်ယောက်တည်းပဲ နေမယ်ဆိုတဲ့ အတွေးအခေါ်ရှိတဲ့ သူဟာ တော် တော်ကို IQ နိမ့်တဲ့သူပါ။ ပြီးတော့ ဖြစ်လဲမဖြစ်နိုင်ပါဘူး၊ ဖြစ်လဲမဖြစ်သင့်ပါဘူး၊ ဖြစ်ခဲ့ရင်တောင် ပျော်ရွင်မှုနဲ့ မဖြစ်နိုင်ပါဘူး။
ကျွန်တော်ပြောချင်တာက အခုဆိုရင် ကျွန်တော်ရော အခုစာဖတ်နေတဲ့ သူမှာရော သူငယ်ချင်း တွေရှိပါ တယ်။ အဲဒီကျွန်တော်တို့ ဘေးနားမှာရှိနေတဲ့ သူငယ်ချင်းဟာ ရုပ်ချောချင်မှချောလိမ့်မယ်။ ပိုက်ဆံ ချမ်းသာရင်မှ ချမ်းသာ လိမ့် မယ်။ ဆိုးရင်ဆိုးလိမ့်မယ်။ ဒါပေမယ့် သေချာတဲ့အရာတစ်ခုကတော့ သူဟာခင်ဗျားအတွက်တော့ အားကိုးစရာ တစ်ခုအဖြစ် အဖော်တစ်ယောက်အဖြစ် ရပ်တည်ပေးမှာ ကတော့အသေချာပါပဲ။ တစ်ချို့ကိစ္စတွေဆို တစ်ယောက်တည်း ခံစားရတာထက်စာရင် သူငယ်ချင်းကို ပြောပြလိုက်ရင် ၀မ်းနည်းတာတွေက ဟာသဖြစ်သွားတာမျိုးတွေ ခင်ဗျားတို့ ကြုံဖူးမှာပ။ တစ်နေရာရာကို တစ်ယောက်တည်းသွားတာထက် သူငယ်ချင်းနဲ့ သွားတာက ပိုပြီးပျော်ဖို့ ကောင်းတယ် ဆိုတာ ခင်ဗျားသိမှာပါ အဲဒီတော့ ကိုယ့်ရဲ့သူငယ်ချင်းကို တန်ဖိုးထားဖို့လိုပါလိမ့်မယ်။ သူငယ်ချင်းကောင်းဆိုတာ ဘ၀တစ်ခုလုံးမှာ တွေ့ဖို့ခဲယဉ်းပါတယ်။ လူ့ ဘ၀ရဲ့ အခြေအနေအရ လူတိုင်းဟာ ခင်ဗျားအပေါ်မှာ မကောင်းနိုင်ပါဘူး လို့ ကျွန်တော်ပြောရဲပါတယ်။
ခင်ဗျားအတွက် သေသေချာချာစဉ်းစားပေးနိုင်တာ စိတ်ညစ်တာတွေ ပျော်ရွင်တာတွေ ဝေမျှပေးနိုင်တာက အခြားအဝေးကြီးမှာ မရှိပါဘူး။ လိုက်ရှာစရာလဲ မလိုပါဘူး ခင်ဗျားဘေးနားမှာ ရှိနေတဲ့ ခင်ဗျားရဲ့ သူငယ် ချင်းပါပဲ လူဆိုတဲ့အမျိုးက သူ့ကိုအသိအမှတ်ပြုတာကို မြတ်နိုးတတ်တဲ့ သတ္တ၀ါပါ။ သူငယ်ချင်းတစ် ယောက်နေမကောင်းရင် သူ့ကိုစိတ်ပူပေးပြီးတော့ အားပေးလိုက်ရင် ဘယ်လောက်ပဲဖျားဖျား ကိုယ်ပူချိန် ဘယ်လောက်ပဲမြင့်မြင့်တစ်ဝက်လောက် ကတော့ ကျသွားတာပါပဲ။ မယုံမရှိနဲ့ တကယ်ရှိပါတယ်။ အဲဒါက လူတိုင်းမှာရှိတက်တဲ့ ဖော်ပြလို့မရတဲ့ စွမ်းအားလေး တစ်ခုပါ တစ်ချို့ကတော့ အဲဒါကို အချစ် လို့ရည်ညွှန်းပါတယ်။ အချစ်ဆိုတာကတော့ တကယ်ကျယ်ပြန့်ပါတယ် ကျွန်တော်လဲ သိပ်တော့ မသိပါ ဘူး။ ပြီးတော့ ကျေးဇူးပဲနော်၊ ဆော်ရီးပဲနော် ဆိုတဲ့ စကားလေးတွေကလဲ ကိုယ့်ရဲ့ သဘောထားကို ပြသဖို့ အတွက် အရေးကြီးပါတယ်။ ပြီးတော့ သူငယ်ချင်းအပေါ်မှာလဲ ယုံကြည်ချက်ရှိဖို့လိုပါတယ် ။ နည်းနည်းလေးမှ မကြိုက်တာရှိရင်ဖွင့်ပြောသင့်ပါတယ်။ စိတ်ထဲကျိတ်မထားသင့်ပါဘူး သဘောထား တွေလွဲတက်ပါ တယ်။ သူငယ်ချင်းအချင်းချင်း ရန်မဖြစ်တဲ့အခါဆိုတာမရှိပါဘူး၊ ရန်ဖြစ်မှာပါပဲ။ တစ်ခါမဟုတ် တစ်ခါတော့ အဲဒီလိုရန် ဖြစ်တဲ့ အခါမှာ စိတ်တိုလို့ ပြောလိုက်တဲ့စကားတွေကြောင့် နာကျင်ရတာ တွေရှိ တက်ပါတယ်။ သေချာမှတ်ထားရမှာ တစ်ခုက ကိုယ့်သူငယ်ချင်းနဲ့ ရန်ဖြစ်တဲ့ ရန်ဖြစ်ခြင်းမျိုးက ခင်လို့ ရန်ဖြစ်တာမျိုးပါ။ မုန်းလို့ရန်ဖြစ်တာမျိုးမဟုတ်ပါဘူး။ အဲဒါကို သတိထားမိဖို့လိုပါတယ်။ သိအောင်လဲ ကြိုးစားသင့်ပါတယ် ဘယ်လိုအကြောင်းကြောင်းတွေပဲ ဖြစ်ဖြစ် သူငယ်ချင်းက သူငယ်ချင်းပါပ။ဲ သူငယ်ချင်း ကနေ ရန်သူဖြစ်သွားတာမျိုးက မဖြစ်သင့်ပါဘူး။ အချစ်နဲ့အမုန်းက ကြွေစေ့ပေါ်က ခေါင်းနဲ့ပန်းလိုပါပဲ။ ကိုယ်ချစ်တဲ့ သူကိုမုန်းလိုက်ရတဲ့ ခံစားချက်က တော်တော်ကိုဆိုးပါတယ် ခံစားရ ပါတယ်။ ချစ်တာက အေးမြသလောက်၊ မုန်းရတာက တော်တော်ကို ပူလောင်ပါတယ။် အဲဒါကြောင့် ဘေးနားမှာရှိနေတဲ့ ကိုယ့်ရဲ့ သူငယ်ချင်းကို “ဟေ့ကောင် မင်းက ငါရဲ့အချစ်ဆုံး သူငယ်ချင်းပါကွာ” ဆိုပြီး ပြောလိုက်ပါ။ ပထမ တော့ သူအံသြနေပါလိမ့်မယ။် ပြီးမှ သူပျော်သွားပါလိမ့်မယ်။
သူငယ်ချင်းအားလုံး ကိုယ့်ရဲ့သူငယ်ချင်းကို တန်ဖိုးထားတက်ပါစေ။
ကျွန်တော်ပြောတာတွေက ကျွန်တော့် အမြင်သက်သက်ပါ။ ဒါကြောင့်အမှားတွေလဲ ပါနိုင်ပါတယ်။


ညအလင်္ကာ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အလင်္ကာည

“အလင်္ကာည”

အာကာတစ်ခွင်...တိမ်လွှာကင်းစင်
ပြည့်ဝန်းသာစွ....စန္ဒာယုန်ရှင်
မိုးယံနန်းတွင် ကြယ်စင်ရံခ
တင့်ရွှန်းလှသည် ညမွှေးပန်းနံ
ကြိုက်လှိုင်ကြသည်. ညရဲ့ပန်းချီ
လင်္ကာတေးဖွဲ့ ဆိုဘူးသည်။

တစ်ချိန်ကဆို ..သည်လိုညမျိုး
ချစ်သူချင်းဆုံ အပြုံးချင်းယှက်
နွေးထွေးခဲ့တဲ့ .အနမ်းပွင့်မျာုး
အကြင်နာစကား..ပြောခဲ့ဘူးသည်
ငယ်ချစ်ဦးရဲ့ ရင်ခွင်ထဲမှာ
မှေးစက်ခိုဝင်.. ချစ်ခြင်းပြိုင်ခဲ့သည်.

ခုတော့လည်းကွယ်...အလွမ်းနယ်မှာ
သာသည့်ညမှာ ကိုယ်တစ်ယောက်တည်း
ရှိုက်သံပင့်သက် ညဥ့်နက်လည်မှာ
တမ်းတမှန်းဆ လွမ်းတဲ့ညတွေ
အလင်္ကာရေး လွမ်းကဗျာရေးဖွဲ့ပါလေပြီ ။

ညအလင်္ကာ(၁၁.၁၀.၁၀)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“ကဗျာကြမ်း”

“ကဗျာကြမ်း”
 
အချစ်ကို စတင်မိလို့
အချစ်အတွက် ကဗျာ
အနုအရွတွေနဲ့
ချစ်ကြိုးသီဖွဲ့
ကဗျာမဆက်တတ်လေတော့
ငါ့အတွေးငါ့စိတ်ကူး
ရူးရူးမူးမူးဖြစ်နေမိလို့
ခေါင်းစဉ်မှာ ကဗျာကြမ်း
စာသားကြမ်းကြမ်းတွေပဲ
ရေးလိုက်တော့မယ်
“ချစ်တာကို အပြစ်မဆိုလိုပေမယ့်
ငါက မိန်းခလေးပါတဲ့ ”
“ ရူးနေပါပြီဆိုရအောင်
ရူးအောင်မင်းလုပ်ခဲ့တာမဟုတ်
ငါကိုယ်တိုင် ရှာမိလို့
ငါကိုယ်တိုင် ခံစားရတဲ့
အရှုတ်ထုတ်ပါ”
မင်းတို့ရဲ့တာဝန်က
စဉ်းစားပြီးမှ ဆုံးဖြတ်
အရာရာသုံးသပ်ကြည့်လို့
အဆုံးသပ်မှာ
အသုံးမကျလောက်ပါဘူး
ဆိုတဲ့ အဖြေကိုသာရခဲ့ရင်လည်း
ငါ့အတွက်ပေပဲမို့ ။ ။
အလွမ်းအဆွေးတွေဖက်လာတော့
မာလှပါတယ်ဆိုတဲ့
ယောက်ျားတွေ အသဲ
ခြောက်ပြားတစ်ပဲ ဖိုးတောင်
တန်ကြေးမရှိတော့သလိုပဲ ။ ။
အပြစ်ရှာချင်ရင် အပြစ်
ငါက အချစ်ရှာမိတဲ့အတွက်
ချစ်နေမိပါတယ်။ ။

တာရာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“လူ့တန်ဖိုး”


ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ၊ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်တာမဟုတ်ပါဘူး။ လူရာဝင်တာ မဟုတ် ပါဘူး ။ လူငယ်တစ်ယောက်ဟာ …….
အမှန်နည်းခြင်း၊ များခြင်းကလည်း အရေးမကြီးပါဘူး။
ဘယ်ဘာသာရပ်ကို ရခြင်း၊ မရခြင်းဟာလည်း အရေးမကြီးပါဘူး။
ဘယ်သူ့သားသမီး ဖြစ်တယ်ဆိုတာကလည်း အရေးမကြီးပါဘူး။
ယောက်ကျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း ဆိုတာကလည်း အရေးမကြီးပါဘူး။
ဆင်းရဲခြင်း၊ ချမ်းသာခြင်း ဆိုတာလည်း အရေးမကြီးပါဘူး။
ဘယ်လိုမွေးလာသလဲ ဆိုတာလည်း အရေးမကြီးပါဘူး။
ဘယ်လိုသေသွားသလဲ ဆိုတာလည်း အရေးမကြီးပါဘူး။
တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင် ….
မိမိ အသက်ရှင်သန်နေစဉ်မှာ မိမိဝါသနာပါတဲ့ အလုပ်ကို ထူးချွန် ထက်မြက်အောင် ကြိုးစားပြီး လူသားအကျိုး ဘယ်လောက် သယ်ပိုး မှာလဲ၊ ဘယ်လို နေထိုင်ပြုမှုမှာလဲ၊ လောကအတွက် ဘာတွေ ချန်ရစ်ထားခဲ့ချင်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

ညအလင်္ကာ(9/10/2010)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗိုလ်ချုပ်ပြောခဲ့ သမျှ



ကျနော်တို့မြန်မာပြည်အရေးဟာမြန်မာပြည်သူပြည်သားတွေ၊ခေါင်းဆောင်တဲ့သူတွေ ညီညွတ်စွာနဲ့လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင် အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့ကျနော်ယုံကြည်တယ်။(သြဂုတ်လ ၁၉၄၅)
လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကိုဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ခြေဖျားမှာကပ်နေတဲ့ ခြေမှုန့် လောက်ပဲလို့ ကျုပ် မှတ်ထားပါတယ်။( ၂၀ . ၁၀ . ၁၉၄၆ ) ကျားနဲ့ရင်ဆိုင်တွေ့နေ ရတဲ့အခါမျိုးတွင်တစ်ဦး ကိုတစ်ဦးစိတ် ကောက်ပြီးထိုင်နေ၍ မဖြစ်သကဲ့သို့ဗမာ့သေရေး ရှင်ရေးကြီးနှင့်ရင်ဆိုင်တွေ့နေ ရသည့်အခါတွင်လည်းမကျေနပ်မှုအသေး အဖွဲ့က လေးတွေကို ရိုးမယ်ဖွဲ့၍ မနေကြပါနှင့်။

( ၇ . ၃ . ၁၉၄၇ အသံလွှင့်ချက် )
ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး ကိုယ့်တိုင်းပြည်မှာလည်းတိုင်းသူပြည်သား လူထုအဖွဲ့များ ခေါင်း ဆောင် များကို ဖိနှိပ်၊ အခြားလူမျိုးများကိုလည်းငါတို့လောက်မမြတ်ဆိုပြီး အခြားလူမျိုးတွေ အပေါ် လွှမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကို အမြဲလိုလားနေတဲ့ အဆိုးဝါးဆုံး ဓနရှင်နယ်ချဲ့ဝါဒလို့ ကျုပ်နားလည်တာပဲ။
(၁၈ . ၁၁ . ၁၉၄၅ )
နှလုံးရည်နဲ့တိုက်လို့မရရင် လက်ရုံးရည်နဲ့ တိုက်ရမှာပဲ( ဧပြီ ၁၉၄၇ နတ်မောက် )သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာ တော်လှန်ရေးလို့ ယူဆနေကြတယ်။ဒါဟာ လုံးဝ မမှန်ဘူး။ တော်လှန်ရေးဟာ သွေးထွက်သံယိုရှိတဲ့တော်လှန်ရေး၊ သွေးထွက်သံ ယိုမရှိတဲ့တော်လှန်ရေး ရယ်လို့နှစ်မျိုးရှိတယ်။
( ၂၈ . ၃ . ၁၉၄၇ အောင်လံမြို့ )
လူတွေကတင်မြှောက်ပြီးလူတွေရဲ့အကျိုးကို လုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင်ဒီမိုကရေစီ ဖြစ်နိုင်မယ်။

 ( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
 စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ဘူး …
တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊တိုင်းသူပြည်သားလူထုညီညွတ်ရေး၊ အဲ့ဒီညီညွတ်ရေးနှစ်ခုမ ရှိသမျှကာလပတ် လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရ လုပ်လုပ်ဖာသယ် တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။ ဒီတော့ကာဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။အဲ့ဒါ အင်မတန်အရေးကြီးတယ်။ ဗမာတွေစိတ်ထက်သ လေးဘာလေးနဲ့တ လွဲဆံပင် ကောင်း နေကြတယ်။ဗမာပြည်လွတ်လပ်ရေးရအောင်လုပ်ရ မယ့်တိုက်ပွဲမျိုးမှာ အသုံးမချဘူး။ ဗမာပြည်ပြန်လည် ထူထောင် ရေး မှာ အသုံးမချဘူး။ဗမာ၊ ဗမာအချင်းချင်း ချဖို့မှာလုပ်ချင်တယ်။ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုး မရှိဘူး။ တိုင်းသူပြည်သားဆန္ဒအရ မဟုတ်ပဲတိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီးမင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင်အများပြည်သူတို့ ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်ပဲ ဖက်ဆစ်ဝါဒဆင် တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကိုမရနိုင်တော့ဘူး။ ဒါကြောင့် ကျနော် တို့ဟာ ဒီမိုကရေစီကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုး စားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကို သာကျနော်တို့ ရည်ရွယ်ရမယ်။

( ၁၉၄၅ သြဂုတ်လ ) 

ဗမာတွေလမ်းနှစ်ခွ ရောက်နေပြီ။ တွေဝေနေလို့ မဖြစ်တော့ဘူး။ချီတုံချတုံဖြစ်နေလို့ မဖြစ်တော့ဘူး။ကိုယ်ယုံကြည်တာကို မလုပ်ရလို့ မဖြစ်တော့ဘူး။နိုင်ငံရေးလုပ်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှဖြစ်မယ်။ကျနော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ်တော့မယ်။ကျနော်တို့တစ်တွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီး ချီတုံချ တုံဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။
( ၅ . ၄ . ၁၉၄၇ အသံလွှင့်ချက် )
တစ်တိုင်းပြည်လုံးကြီး ပွားစေချင်ရင်လူအား၊ငွေအား ပစ္စည်းအားနဲ့စုပေါင်းပြီးအင်တိုက် အားတိုက်လုပ်နိုင်မှ အကျိုးခံစား ခွင့်ရှိကြ မှာပဲ။ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတစ်ခြား အကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။
( ၁၁ . ၂ . ၁၉၄၇ ပင်လုံ )
ဗမာပြည်ရဲ့အကျိုးကို တကယ်လိုလားတယ်ဆိုရင် လူငယ်တွေဟာတော်လှန်ရေးစကားတွေ ပြောတာ လျှော့ပြီးတော့ကာ တော်လှန် ရေးရဲ့တကယ့်အလုပ်ကို လုပ်ကြစမ်းပါဆိုတာ ပြောခဲ့ချင်တယ်။ 
( ၁၇ . ၄ . ၁၉၄၇ မြန်မာနှစ်သစ်ကူး၊ အသံလွှင့်ချက် )
ကျုပ်တို့ဟာဘယ်လိုလူစား တွေလဲ၊ရာဇ၀င်မှာအရေးခံမယ့် လူစားမျိုးတွေလား၊ရာဇ၀င်မှာအဆဲခံမယ့် လူစားမျိုးတွေ လား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိပါလိမ့်မယ်။ 

ပဒေသာပင် ပေါက်အောင်ဆိုရင် ကျနော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာခင်ဗျားတို့ နားလည်စေချင်တယ်။ ကျနော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့ ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ်  ဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျော့တမ်း ဇွဲနဲ့ လုပ်သွားရမယ်။ အကောင်းဆုံး၊အလွယ်ဆုံး၊ အအေးဆုံး ဆိုတဲ့နည်းကို ကျနော်တို့က ပထမရှေးဦးစွာ ကျနော်တို့ရှာပြီးလုပ်မှာပဲ။ သို့သော်လည်းပဲ သည်လိုလုပ်လို့ မရဘူးဆိုရင် အေးအေးနဲ့မရရင်ရနိုင်တဲ့နည်းကို လုပ်ရမှာပဲ။  ခင်ဗျားတို့ဟာ လွတ်လပ်ရေး ကိုလိုချင်ရင် လွတ်လပ်ေ၇းကို ရနိုင်လောက်တဲ့စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင်လွတ်လပ်ရေးကို ရနိုင်တဲ့ညီညွတ်မှုကို ထိန်းသိမ်းကြပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ထူထောင်မှုကို လုပ်ကြပါ။ အဲ့ဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကိုခံစား၊ စံစား စေချင်တယ် ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းကခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတေ၊ွ စောက်ကျင့်တွေကိုပြင်ကြဖို့လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။
( ၁၃ . ၇ . ၁၉၄၇ မြို့တော်ခန်းမ၊ ဗိုလ်ချုပ် နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်း )

(ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ နှင့် ပညာရေး အမြင်)
ညာဆိုသည်မှာ စာအုပ်စာတန်းဘတ်၍ စာသိမှုကို ပညာဟု မဆိုပေ၊ ပညာသည် အတိုင်းအဆမထင် အလွန် ကျယ်ပြော နက်နဲလှပေသည်၊ ကမ္ဘာရှိ စာအုပ်အားလုံး ပင်လျှင် ပညာ အားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး ၌ ကျွနုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲ ရောက်သည်အထိ ပညာ သင်သားများ ဖြစ်နေ ကြစေသည်။  ပညာ သင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ၊ ပညာတတ် သူသည် လောကရှိအရာရာကို အခွင့် အလမ်းလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း မိမိဥာဏ် အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ် တို့ကို၎င်း (Emotion of the Education) ပြုပြင် ပြုစု စီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။
ပညာသည် စာအုပ်များထဲတွင်သာ ရှိသည်မဟုတ် စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူ အဆများ ကိုလည်း တိုးတက် စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ် စေရမည်။ ရာဇဝင်သိရုံသာ မဟုတ် ရာဇဝင်ကို ဖန်တီး နိုင်စေရမည်။ လောကဓါတ် ပညာကို သိရုံသာ မဟုတ်၊ လောကဓါတ် ပညာကို တိုးချဲ့နိုင်စေရမည်။ ပဋ္ဌမ ပညာကို သိရုံမျှသာ မဟုတ်၊ မြေသစ် ရေသစ် တော တောင် တို့ကို ရှာဖွေ စုံစမ်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ် အကျဉ်းမျှပင်တည်း။
ပညာသည် ကာလ ဒေသ ပရောဂ နှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည့် ပညာတွင် သညာ လည်း ပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်၊ ဥာဏ်ချည်းသာ တိုးတက်၍ သညာ မရှိပါမူလည်း ဤမျှ ပိုမို ဆန်းကြယ် အပြောကျယ် လှသော ခေတ်သစ် အကြောင်းကို နားမလည်နိုင်ပေ၊ လောကဓါတ် ပညာကို မတတ် မသိဘဲ လောကဓါတ် ပညာဥာဏ် ကိုသာရလျှင် လောကဓါတ် ပညာ၏ တန်ဘိုးကို ဒင်ပြည့် မသုံးနိုင်ပေ။
တိုင်ပြည် အခြေအနေ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည် ထောင်ခြင်း ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။
လူတယောက်၏ သက်တမ်းတွင် အစ ပဋ္ဌမက သိမြင်လာသော စိတ်နေ စိတ်ထား ဝါဒ တို့သည် အမှန်ချည်း မဟုတ် ပြုပြင် ပြောင်းလဲ ရမည်သာတည်း။
လူတဦး၏ တဘဝတွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲ ဖေါက်ပြန် ဖြစ်ခြင်း ပေတည်း။ ဝါဒ ပြောင်းလဲ မှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်း ပေတည်း။
သမာဓိဆိုသည်မှာ လောက၏ အကောင်း အဆိုး အကျိုးအပြသ် သနစ်စုံကို ပိုင်းခြား ထင်ထင် သိမြင်၍ ဆင်းရဲလည်း 

ဝမ်းမနည်း ချမ်းသာလည်း ဝမ်းမသာ ပကတိ စိတ်ထား ဥာဏ် အမြင်အရ လူချီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို 
မထိတ် မလန့် တသမတ်တည်း တည်ညိမ်စွာ ရှိခြင်းကို ဆိုလေသည်။
လှေနံဓါးထစ်ဆိုသော အလုပ်။ အပြော၊ အတွေးတို့မှာ ပညာ၏အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။
(ဗိုလ်ချုပ်အောင်ဆန်း လူငယ်ကျောင်းသားဘဝက ကိုယ်တိုင်ရေးခဲ့သော အလွန်လေးနက်သော လောကအမြင်။ ပညာ ရေး အမြင် တစိတ်တဒေသ ဖြစ်သည်။)
လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)

ညအလင်္ကာ

စုစည်းဖော်ပြသည်။   ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မျိုးဆက်သစ်၏ ပညာရေး


အွန်လိုင်းက ပုဂ္ဂိုလ်များအတွက်မဟုတ်တဲ့ ဒီပိုစ်လေးကို သိခံပြီးဖတ်ပေးကြပါ 
 
အခြေခံလူတန်းစားထဲက မျိုးဆက်သစ်ကလေးငယ်တွေအတွက် တာဝန်ရှိသော ပုဂ္ဂိုလ်များကို တာဝန် ကျေစေချင်တဲ့အတွက် ဖော်ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဒီစိတ်ဆန္ဒ ဖြစ်လာရတာက တော့ ဇာတိချက် ကြွေမွေးရပ်မြေက ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေကို ကြားရတဲ့ အတွက်ရေးဖြစ်တာပါ။ ဇာတိရွာ ကလေးမှာ ပညာရေးဘက်ကို အရမ်းအားနည်းနေတယ်။ ဒီရွာ ကလေးတစ်ရွာတည်းမှာ ဒီလိုဖြစ် နေတာမဟုတ်ပါဘူး။ နိုင်ငံအ၀ှမ်းက ဝေးလံခေါင်သီတဲ့ အရပ် ဒေသတွေမှာ ပညာရေး အားနည်း မှုတွေရှိနေပါတယ်။ မျိုးဆက်တွေမပျက်စေချင်တဲ့ဆန္ဒ မျိုးဆက်သစ်ကလေးတွေ အညွှန့်မတုံးစေချင် တဲ့ဆန္ဒနဲ့ဖော်ထုတ်ရခြင်းဖြစ်ပါတယ်။

ကိုယ်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်ကိုအခြေခံပြီးပြောရရင် တစ်ရွာလုံးမှာ ဆယ်တန်းအောင်တဲ့ သူဆိုတာ မရှိသလောက်ရှားတယ်။ အခုလက်ရှိအနေအထားသွားကြည့်မယ်ဆိုရင် တစ် ယောက် တောင်မရှိ တဲ့အခြေအနေပါ။ ဒီလောက်ဆိုရင်ပဲ ပညာရေးအနေအထားကိုခန့်မှန်းလို့ ရကြမှာပါ။ ရွာမှာက မူလတန်း ကျောင်းပဲရှိတယ်။ ရွာကကျောင်းသားလေးတွေဟာ မူလတန်း ကျောင်းပြီးတာနဲ့ သူတို့တွေရဲ့ ပညာရေးလဲ အဆုံးသတ်သွားကြရတယ်။ ဒါကတော့ နှစ်စဉ်နှစ် တိုင်းလိုပါပဲ။ ငါးတန်း၊ခြောက်တန်း ဆိုတာကို လယ်သမားသားသမီးနဲ့ စီးပွားရေးချောင်ချောင် လည်လည် ရှိတဲ့သူလောက်သာ ထားကြတာပါ။အဲဒီအ ထဲကလည်း ကိုးတန်း၊ဆယ်တန်းရောက် တဲ့သူဆိုတာ မရှိပါဘူး။ ငါးတန်း ခြောက်တန်း နဲ့ပဲ အလျှိုလျှိုကျောင်း ထွက်ကုန်ကြရတယ်။ ရှစ် တန်းအောင်တဲ့သူ ဘယ်နှစ်ယောက်ရှိသလဲလို့ မေးရင်တောင်ဖြေရမှာ အတော်ရှက်စရာ ကောင်းပါတယ်။ ကျောင်းထွက်ပြီး လယ်သမားသားသမီးက လယ်သမားဖြစ်တယ်။ လယ်မရှိ ယာမရှိ သူတွေကတော့ စာရင်းငှား အလုပ်သမားလေးတွေဖြစ်ကုန်ကြရပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး လုပ်ငန်းခွင်ထဲရောက်ကုန်ကြတဲ့ လူငယ်လေးတွေ ဘာ တွေဖြစ်ကုန် ကြလဲ။ အလုပ်ကိုပင်ပင်ပန်းလုပ်ရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ အား နည်းလာတယ်။ ဟိုတစ်စ သည်တစ်စနဲ့ အရက်သမားလေးတွေဖြစ်ကုန်ကြတယ်။ ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်တွေပြုကြတယ်။ ကျေးလတ်ဒေသတွေမှာ ဒီလိုပုံစံမျိုးဖြစ်နေတာတော့ ဟိုးအရင် ကတည်းကပါ။ ဒီနေ့အချိန်ထိ ဒီလိုအခြေ အနေတွေရှိနေသေးတယ်ဆိုတော့ လူ ကြားလို့ မကောင်းတွေ ဖြစ်ကုန်ပြီ။

အထက်မှာတင်ပြခဲ့ သလိုအဖြစ်မျိုးက တိုင်းပြည်တစ်ဝှမ်းမှာ ဒုနဲ့ဒေးရှိနေပါတယ်။ ဒီကိစ္စမှာ ဘယ်သူတွေ အဓိကကျနေသလဲဆိုတော့ အုပ်ထိန်းသူမိဘတွေပါ။ သားသမီးတွေကို ထွန်း ပေါက်အောင် ထားနိုင်မှာမ ဟုတ်ပါဘူးဆိုတဲ့ စကားကိုလက်ကိုင်ထားပြီး အရွယ်မရောက်သေး တဲ့ ကလေးငယ်တွေကို ခိုင်းစားဖို့ လောက်ပဲ မြင်ကြပါတယ်။ အနောက်နိုင်ငံတွေမှာ အသက် ဆယ့်ရှစ်နှစ် ပြည့်ပြီးရင် ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ် လွပ်လွပ်လပ်လပ် နေနိုင်တယ်ဆိုတာ

တော့ ကြားဖူးပါတယ်။ ဒီမှာကတော့ ဆယ့်ရှစ်နှစ်တောင်မပြည့်သေးတဲ့ ကလေးတွေက မိသား စု တာဝန် ကိုယူနေရတဲ့ ပုံစံမျိုးဖြစ်နေတာပါ။ သူတို့တွေဆီမှာက ဆယ့်ရှစ်နှစ် မပြည့်ခင်မိဘ တွေက ပညာကောင်း ကောင်းသင်ပေးလွှတ်လိုက်တာပါ။ ပညာအသိရှိတဲ့လူငယ်လေးတွေ ဆို တော့ အမှားအမှန်ဆိုတာကို ခွဲခွဲခြား ခြားသိနေပြီး မမှားသင့်တာမမှားအောင် သူတို့ကိုယ် တိုင် ထိန်းကျောင်းနိုင်တာပေါ့။ ဒီမှာက လေးတန်း အောင် လောက်အဆင့်နဲ့ လူကြားထဲမတိုးရဲ အောင်လုပ်လိုက်သလိုဖြစ်နေတယ်။

အတွေးအခေါ်အမြှော်အမြင်အားနည်းတဲ့ မိဘတွေဆီမှာ သားသမီးဖြစ်ရတဲ့ ၀တ်ကျွေးက လည်းတော် တော်မလွယ်ပါဘူး။ မြို့နေလူတန်းစားနဲ့ တောနေလူတန်းစားမှာ ဒီအသိက အရမ်း ကွာဟနေတယ်။ ပညာရေးအပေါ်ယုံကြည်ချက် မျှော်လင့်ချက် ရှိတဲ့နေရာမှာ ဒီလူတန်း စားနှစ် ရပ်ရဲ့ ခံယူချက်က သိသိသာသာကွာခြားသွားပါတယ်။ မြို့ပေါ်မှားလည်း ကြုံရာကြဘမ်း လုပ်ပြီး ရပ်တည်နေ ကြရသူတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့တွေမှာ ငါ့သား၊ငါ့သမီးကို ဘယ်လိုအ နေအထားမျိုးထိရောက်အောင် ထားမယ် ဆိုတဲ့ ဆန္ဒရှိကြတယ်။ မြို့ပေါ်မှာဆိုတော့ အားကျစ ရာတွေ ဂုဏ်ယူစရာတွေကလည်း နေ့စဉ်မြင် တွေ့နေရတာဆိုတော့ မရှိတဲ့ကြားထဲက အားခဲပြီး ထားကြပါတယ်။ မြို့ပေါ်ကမှ ရေ၊ မီး၊ ထင်း၊ အစစအရာရာ ငွေနဲ့မှဆိုတော့ ရုန်းကန်လှုပ်ရှား ရတော့ လွယ်တာမဟုတ်ပါဘူး။ ဒီကြားထဲကပဲ သားတွေ၊ သမီးတွေ ဆယ်တန်းအောင် တက္က သိုလ်ရောက် တွေဖြစ်လာကြပြီးမိဘကို ပြန်ကြည့်နိုင်တဲ့ သားကောင်းသမီး ကောင်း လေးတွေ ဖြစ်လာကြတာပါ။

တောနယ်တွေမှာတော့ တစ်နေ့နဲ့တစ်နေ့ ဘာမှထူးထူးခြားခြား ပြောင်းလဲလာတာရယ်လို့ မရှိ ဘူး။ အမြှော် အမြင် နည်းတဲ့ မိဘတွေက ကလေးတွေကို ကျောင်းထုတ် သူများဆီမှာ စာရင်း ငှားဝင်လုပ်ခိုင်းတယ်။ ဒီက လေးတွေ အလုပ်ထွက်လုပ်တဲ့ အတွက် မိသားစုစီးပွားရေး အခြေ အနေ သိသိသာသာတိုးတက်လာသလား? ဆိုတော့လဲ ဘာမှသိပ်ထူးခြားတာမတွေ့ရပါဘူး။ ကျောင်းထားဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူးဆိုတဲ့ မိဘတွေရှိရင် လက်တွေ့သာဓက ပြပြီးပြောလို့ ရပါတယ်။ ကိုယ့်ဂုဏ်ကိုယ်တင်တာလည်း မဟုတ်ဘူး။ ဒီလိုပဲ မဖြစ်ဖြစ်အောင်လုပ်မယ် ဆိုတဲ့ အသိနဲ့ လုပ်ခဲ့တဲ့ ကျွန်တော်တို့ အမေအကြောင်းလေး နဲ့ သာဓကပြပါမယ်။

အမေဟာ အဖေအိမ်ကထွက်သွားတဲ့ အချိန်အတောအတွင်းမှာ သားသုံးယောက်ကို လူ့အောက်သူ့အောက် အကျခံပြီးတော့ ကျောင်းထားခဲ့တာပါ။ အဖေထွက်သွားတဲ့ တစ်ဆယ့် သုံးနှစ်အတွင်းမှာ အလုပ်ကို ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီးတော့ အဖေတာဝန်ရော အမေတာဝန်ကိုပါ တစ်ယောက်တည်း စွမ်း ဆောင်ခဲ့တဲ့သူပါ။ ကိုယ်တိုင်ကတော့ ပင်ပင်ပန်း ပန်းတွေလုပ်ပြီး သားသုံးယောက်ကိုကျတော့ လူအောက် မကျအောင် ကျောင်းထားခဲ့တာပါ။ တစ်ရွာလုံးက ၀ိုင်းပြောကြတယ်။ “ နောက်အိမ်ထောင်ပြုဖို့၊ သားတွေကို ကျောင်းထုတ်ပြီး အလုပ်ခိုင်းဖို့” ဒါတွေပဲအမြဲပြောနေကြတာပါ။ အမေက အားလုံးကိုဆန့်ကျင်ခဲ့တယ်။ အမေနား ထဲကို အဲဒီစကားလုံးတွေ မ၀င်ဘူးလို့ထင်ရတယ်။ အဖေ၊အမေ အစုံရှိပါလျှက်နဲ့ ညီကိုဝမ်းကွဲ တွေ ကျောင်းမတက်ကြရဘူး။ လေးတန်းအောင်နဲ့ ထွက်ကြရတာပဲ။ မုဆိုးမလို တစ်ယောက် တည်းရုန်းကန်ပြီး သားတွေကို အမြှော်အမြင်ရှိရှိကျောင်းထားတဲ့ အမေစိတ်ဓာတ်မျိုးကတော့ ရွာမှာ ရှားပါတယ်။

အမေဘယ်လိုအလုပ်တွေလုပ်ခဲ့ ရသလဲဆိုရင် “အမေနဲ့ အတူလှေကလေးနဲ့ ချောင်းရိုးမှာ ပဲပြုတ် လျှောက် ရောင်းခဲ့ရဘူးတယ်။ ပဲပင်ပေါက်ရောင်းရတယ်။ ကုန်စိမ်းပေါ်ချိန်ကုန်စိမ်း ရောင်းတယ်။ ပင်လယ်ကနေ ငပိ၊ ငါးခြောက်ယူပြီး ရွာဘက်တွေမှာ ပြန်ရောင်းတယ်။ ဒါတွေ မလုပ်ခင်ကဆိုရင် သူများအိမ်မှာ အမေအ ၀တ်အငှားလျှော်ခဲ့ရတာတွေလည်း ရှိတယ်။ တစ်ခြား ရွာကို သွားချင်တဲ့ သူတွေက လှေလှော်ဖော်၊ လှေခတ် ဖော်ခေါ်ရင်လည်း အမေလုပ်ခဲ့ တာပါပဲ။ ” ဒီလိုမျိုးအောက်ကျနောက်ကတွေကို အမေကိုယ်တိုင်လုပ် နေပေမယ့် သားသုံး ယောက်ကိုတော့ ရွာက ဘယ်ကလေးနဲ့မှ မယှဉ်နိုင်အောင် သနပ်ခါးခြေစုံး ခေါင်းစုံးလိမ်းပြီး ၊ အ၀တ်အစား မီးပူတိုက်ကလေးတွေနဲ့ ကျော့နေအောင်ထားခဲ့တာပါ။ ဘယ်မိဘကမှာ ဒုက္ခခံ ပြီးမထားတဲ့ ကျောင်းကိုလည်း အမေက အစွမ်းကုန်ကျိုးစားပြီးထားခဲ့တာပါ။

သားတွေအပေါ်မှာ အစွမ်းကုန်ပေးဆပ်ခဲ့တဲ့ ကျွန်တော်တို့အမေအတွက်တော့ ကျွန်တော်တို့ တာဝန်မ ကျေလိုက်နိုင်ပါဘူး။ အသက်တိုရှာတဲ့ အမေက ပေးဆပ်နိုင်သမျှအစွမ်းကုန် ပေးဆပ် ခဲ့ပြီး လူ့လောကထဲက စောစီးစွာထွက်ခွာသွားခဲ့ပါပြီ။

အမေ အကြောင်းလေးသိရပြီး အမေထက် ပိုတဲ့ဆန္ဒတွေသားသမီးတွေအပေါ်မှာ ထားရှိကြစေ ချင်တာပါ။ ရွယ်တူတန်းတူတွေ၊ ညီကိုဝမ်းကွဲတွေ ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ကြတာ ဘယ်အတိုင်းအတာထိ ကြီးပွား တိုးတက်သွားကြပြီလဲ။ လုပ်ရင်းစားရင်း ချာချာလည်နေတဲ့ ၀ဲဂ ယက်ထဲမှာ တစ်ချို့က အိမ်ထောင်တွေကျလို့ ကလေးအဖေတွေတောင်ဖြစ်ကုန်ကြပြီတဲ့။ ဘယ်သူ့ကိုမှ အပြစ်သဘောမျိုးမပြောချင်ပါဘူး။ ကိုယ်တိုင်အမှန် တရားကို စဉ်းစားတွေတော ကြစေလိုပါတယ်။ သားသမီးတွေကိုကျတော့ မတတ်နိုင်လို့ပါဆိုပြီး ကျောင်းထွက်ခိုင်းတယ်။ ကိုယ်တိုင်ကြတော့ “အရက်လေးတမြမြ၊ ဖဲမီးလဲ လှုံလိုက်သေးတယ်” ဒီလိုမိဘ တွေလည်း ရှိ နေသေးတယ်။ “ အသက်ကရလာပြီ ဖင်နာတယ် ခေါင်းနာတယ်ဆိုပြီး အနားယူချင်ကြတယ် လေ။ ဒီတော့ ဒီိမိသားစုတွေရဲ့ အခြေအနေက ဘယ်လိုပုံစံတိုးတက်လာမှာလဲ။ ကိုယ်တိုင်မွေး ထုတ်ထားခဲ့တဲ့ သားသမီးတွေအတွက် တာဝန်ကျေသွားပြီလို့ ထင်နေကြတယ်။လေ့လာစန်းစစ်မှုလေးတွေတော့ မိဘတွေ ကိုယ်တိုင်လုပ်ကြဖို့ သင့်ပါတယ်။

ဟိုတစ်နေ့ကပဲ သူငယ်ချင်းတစ်ယောက်က နောက်ရင်းပြောင်ရင်း “မိန်းမယူတော့မယ်” လို့ ပြောတယ်။ အမြင်မတော်တာတွေ့ ရင် ပြောဖို့ အဆင်သင့်စောင့်နေတဲ့ မမလေးက “ဘာလဲ နင်က မျိုးဆက်သစ် (Generation)ကို မွေးထုတ်ပြီး နှိပ်စက်ဦးမလို့လား ” တဲ့ဗျာ။ ကိုယ်တိုင် ကမှ ဘယ်အရာမှ ပြည့်ပြည့်စုံစုံမရှိသေးဘဲနဲ့ မျိုးဆက်သစ်(Generation) ကိုမွေးထုတ်မယ် ဆိုရင်တော့ သူပြောတဲ့ စကားကတကယ်ကိုမှန်နေပါတယ်။ အခုကျေးလတ်ဒေသတွေမှာ ဖြစ် နေတဲ့ ပုံစံကလည်း ဒီလိုတွေပါပဲ။ စိတ်နောက်ကိုယ်ပါ အရွယ်မရောက်သေးဘဲနဲ့ အိမ်ထောင် တွေကျပြီး ကိုယ်မွေးလာတဲ့ သားသမီးကိုလည်း တာဝန်ကျေအောင်လုပ်မပေး နိုင်ကြတဲ့ ပုံစံ မျိုးတွေ မြင်နေတွေ့နေရတယ်။

ဒီခေတ်ကြီးမှာ လေးတန်း၊ငါးတန်းနဲ့ မလုံလောက်တော့ဘူးဆိုတဲ့ အသိလေးတော့ရစေချင် တာပါ။ သေစာရှင် စာတတ်ရင်တော်ပြီဆိုတဲ့ မိဘတွေလည်းရှိတယ်။ အဲဒီသေစာရှင်စာနဲ့ လူ တောထဲကို ဘယ်လိုတိုး လို့ရမလဲဆိုတာတော့ နည်းနည်းမှ မတွေးကြဘူး။ ပညာရေးကိုအ လေးအနက်ထားတဲ့ မိဘတွေကတော့ ကိုယ့်သားကိုယ့်သမီးလေးတွေအတွက် အစွမ်းကုန် ကြိုးစားနေကြတယ်။ မိဘတိုင်း သားသမီးတွေ အပေါ်မှာမျှော်လင့်ချက်ထားကြပါတယ်။ မျှော် လင့်ချက်မြင့်မြင့်မားမားလေးထားကမှ တော်ရုံလောက်ကြ တာပါ။ အခုလို လေးတန်းအောင် ငါး တန်း နဲ့ ကျောင်းထွက်လိုက်ရတဲ့ ကလေးတွေအတွက်ကြတော့ အရွယ် မရောက်ခင်မှာ အညွှန့်ချိုးခံလိုက်ရတဲ့ ပုံစံမျိုးဖြစ်နေတယ်။

ကိုယ့်သား ကိုယ့်သမီးလေးတွေကို “ ဘောပင်လေးကိုင်ပြီး ကွန်ပျူတာရှေ့မှာ သက်သောင့် သက်သာလေး လုပ်ကိုင်စားသောက်စေချင်ရင်တော့ ကျဉ်းမြောင်းနေတဲ့ အမြင်တွေကို ပြောင်း လဲပေးကြဖို့လိုနေပါပြီ။ ရည်ရွယ်ချက်ကိုယ်စီရှိတဲ့ လူငယ်လေးတွေကို အခြေခံပညာဖြစ်တဲ့ အထက်တန်းလောက်ထိ ပြီးဆုံး အောင်တော့ မိဘတွေအနေနဲ့ တာဝန်ယူပေးသင့်ပါတယ်။ နောက်ပိုင်း ဆက်လျှောက်ရမယ့် လမ်းကြောင်းကို လူငယ်လေးတွေကိုယ်တိုင် လမ်းဖောက်ပြီး လျှောက်သွားကြပါလိမ့်မယ်။ အဲဒီလို အခက်အခဲ အကြပ်အ တည်းကြားကလာတဲ့ လူငယ်လေး တွေက ဘ၀ကိုလေးလေးနက်နက်တန်ဖိုးထားတတ်ကြပါတယ်။

ဖြစ်သမျှအကြောင်း အကောင်းပဲ ဆိုပြီး လွယ်လွယ်တွေးလွယ်လွယ်လုပ်နေကြလို့ ကတော့ လူ ညွှန့်တုံး လေးတွေ ဖြစ်ကုန်ကြပါလိမ့်မယ်။ သူများပြောသမျှဆိုသမျှကို ပါးစပ်လေး အဟောင်း သားနဲ့ မော်ကြည့် နေရမယ့် အဖြစ်မျိုးတွေ မဖြစ်စေချင်လို့ပါ။ ဖြစ်သမျှအကြောင်း အကောင်း ပဲဆိုသူတွေအတွက် ဆရာတော် ဦးသုမင်္ဂလရဲ့ တရားတော်ထဲမှာ “ ဖြစ်သမျှအကြောင်း မကောင်း ကောင်းအောင်လုပ်” လို့ ပြုပြင်ပေး ထားတယ်။ ဘယ်အလုပ်မှာမဆို ကောင်းတာ လုပ်ရင် အခက်အခဲ တော့ ရှိတတ်ပါတယ်။ အဲဒီအခက်အ ခဲလေးကို ရင်ဆိုင်ကျော်လွှားပြီး မိမိ ရင်သွေးလေးတွေကို တောက်ပြောင်သစ်လွင်နေတဲ့ မျိုးဆက်သစ် တစ်ရပ်ဖြစ်အောင် ပြုစုပျိုး ထောင်ပေးကြစေလိုပါတယ်။ ပညာနဲ့ အသက်မွေးပြီး ရပ်တည်သွား နိုင်ကြမယ်ဆိုရင် မိဘတွေ အပေါ်ကို အတိုင်းအဆမရှိ နားလည်တဲ့ သားသမီးရတနာလေးတွေ ဖြစ်လာမှာပါ။ အနာဂတ် ကိုမျှော်ကိုးတတ်ကြတဲ့ မိဘတိုင်း အသီးအပွင့်တွေနဲ့ ဝေဆာနေမယ့် မျိုးဆက်သစ် (Generation) ရဲ့ ပညာရေးကို အကောင်းဆုံး ပြုထုပျိုးထောင်ပေးနိုင်ကြပါစေ ။ ။



နောင်တော်လေး 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"ချစ်ရသောသူသိပါစေ"

ရင်ခုန်ခံစား အချစ်များနဲ့
တဒင်္ဂပေမဲ့ ပြင်မရလေပြီ

ရွှေရင်မှာဖို လှိုက်လှိုက်ခုန်လို့
ရင်တွင်းသံသာ တေးကဗျာကို

တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ  မင်းအတွက်……။

တူညီခံစား တုန့်ပြန်စကား
ဖွင့်ဟနှူတ်ဖျား ခွန်ခြွေသံများ

နှလုံးအိမ်ဝယ် သိမ်းထားချင်တယ်
အသည်းထဲမှာ နွေးထွေးစွာနဲ့

ရာသက်တိုင်မြဲ မယိုင်လဲပဲ
နှောင်ကြိုးရစ်ချည်  တေးပန်ချီကို

တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ မင်းအတွက်…..။

နှစ်ဦးနားလည် ချစ်ခြင်းဖလှယ်
တန်ပြန်ယဉ်ကျေး အပြုံးနဲ့

အချစ်နှစ်ခု ပေါင်းဆုံပြုဖို့
မုသားမပါ တေးလကာင်္ကို

တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ  မင်းအတွက်……။

ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"အလုပ်က လူကို လိုက်ရှာသည့်နေရက်များ”


နိုင်ငံတစ်နိုင်၏ ဖွံ့ဖြိုးမှု၊ မဖံွ့ ဖြိုးမှုကို တိုင်းတာသည့် ပေတံတွေ တော်တော်များများရှိပါလိမ့်မယ်..တချို့က GDP ဖြင့်လည်းကောင်း၊ Gross Domestic Product ခေါ် အမျိုးသားထုတ်လုပ်မှု ပမာဏ ဟူသော ပေတံဖြင့်လည်းကောင်း၊ GNH (GrossNational Happiness) ပေတံဖြင့်လည်းကောင်း၊ နိုင်ငံသူ/သားတွေဘယ်လောက်ပျော်သလဲ/မပျော်သလဲဆိုတဲ့ ပေတြံဖင့်လည်းကောင်း၊ တချို့က inflation ပေတံတ့။ဲ (ငွေကြေးဖောင်းပွမှု(သို့အရပ်ရပ်ပစ္စည်းများဈေးတက်မှုအနေအထားကိုကြည့်ကာ နိုင်ငံအခြေအ နေကိုတက်ွခြင်းဖြစ်ပါသည်။ နောက်ပေတံတစ်ခုကတော့ အလုပ်လက်မဲ့ မည်မျှရှိသလဲဟူသော ပေတံ။
အလုပ်လက်မဲ့များလျှင် တိုင်းပြည်မဖံွ့ ဖြိုး၊ အလုပ်လက်မ့နဲ ည်းမှ တိုင်းပြည်တိုးတက်သည်ဆိုသော ပေတံ။။။။။။အလုပ်၊ အလုပ်သည် အ လုပ်အကြောင်းကိုပဲ ကျနော်ပြောလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး အလုပ်ကိုရှာဖွေကြ။။ အလုပ်တွေလုပ်လုပ်နေ ကြ ပါရပါသည်။ အလုပ်ခေါ်ယူသည့် ကြေငြာပေါင်းစုံကို အငမ်းမရရှာဖွေဖတ်ရှုကြ၊ အလုပ်လျှောက်လွှာတွေတင်ကြ၊ ရေးဖြေ စာမေးပွဲတွေ ၀င်ဖြေကြ၊ လူတွေ့ အင်တာဗျူးအခန်းရှေ့မှာ တန်းစီစောင့်စားကြ၊ ခန့်မှန်းလစာတွေရေးထည့်ကြ၊ပြည်တွင်း ပြည်ပ နေရာမျိုးစုံ၊ ရာထူးမျိုးစုံ..အစရှိသဖြင့်ပေါ့။သို့သော်…ကမ္ဘာမည်သည့်နေရာမှာမဆို လူတိုင်းအလုပ်မရနိုင်ပါဘူး။ ထို့ကြောင့် လူတိုင်းအလုပ်ကို ဆက်၍ဆက်ကာကျွန်တော်တို့ရှာကြရပါတယ်။ ရသည်လည်းရှိ၊ မရသည်လည်းရှိ၊၊ “လူက အလုပ်ကို လိုက်ရှာသည့်နေ့ရက်များ”ဒါဆို အပြန်အလှန်အားဖြင့် အလုပ်ကကော လူကို လိုက်ရှာနေတာမျိုးကော မရှိနိုင်ဘူးတဲ့လား၊ ရှာတဲ့လူကိုရော အလွယ်တကူတွေ့တက်ခြဲ့ကရဲ့လား၊ ဒါကိုပဲ ကျနော်ပြောလိုခြင်းဖြစ်ပါသည်။
အလုပ်ခေါ်ယူခြင်း
(၁)
အောင်မြင်သော ဂျာနယ်သုံးစောင်နှင့် Magazine စာအုပ်ကို ထုတ်ဝေနေသည့်စာအုပ်တိုက်မှ စာပေနှင့်ပတ်သက်ရာရာ
နေရာများအတွက် အလုပ်ခေါ်ယူရာ… အင်တာဗျုးတစ်ခုတွင် မိန်းကလေးနှစ်ယောက် လူတွေ့လာဖြေပါသည်။
မေးလိုက်သည့် မေးခွန်းခက်မခက်ကို စာဖတ်သူ သုံးသပ်ကြည့်ပါ..
“အပတ်စဉ်ထွက်နေတဲ့ဂျာနယ်သုံးစောင်ရဲ့ အမည်ကိုပြောပြပါ”
မေးခွန်းကအဲ့ဒါလေးပါ .တစ်ယောက်က တစ်စောင်မှမပြောနိုင်ပါ။ တစ်ယောက်ကမူနှစ်စောင်ပဲပြောပြီးနောက် ရပ်သွား
တယ်… စာနယ်ဇင်းသမား(Journalist)ရာထူးအတွက် ခန့်သင့်သလား၊ မခန့်သင့်သလားစာဖတ်သူပဲ ဆုံးဖြတ်ကြည့်စေ
ချင်ပါတယ်။
(၂)
နောက်တစ်ခုက ကုမ္ပဏီတစ်ခုမှာပါ
လာလျှောက်သူ၏ပူးတွဲတင်ပြထားသော လက်မှတ်တွေထဲမှာ LCCI Level အမျိုးမျိုး၏ လက်မှတ်တွေပါပါသည်။
ဒါကြောင့် စာရင်းဇယားတစ်ခုကို လက်တွေ့ပြုစုခိုင်းပါသည။်
“သမီးက စာတွေပဲအလွတ်ရတာ၊ လက်တွေ့မလုပ်တတ်ဘူး”
ထိုအလုပ်လာလျောက်သူကောင်မလေး၏အဖြေကိုရော၊ကုမ္ပဏီကငြင်းလွှတ်လိုက်တာကိုရောစာဖတ်သူဘ၀င်ကျနိုင်ပါစေ။
(၃)
မြန်မာနိုင်ငံ၏ မဟာဝိဇ္ဖာဘွဲ့ရပြီးသူ တစ်ယောက်ကို တိုက်ထိုင်အယ်ဒီတာရာထူးအတွက် လူခေါ်တွေ့ပါတယ်.စကားစ
ဖြစ်ပုံက-
“ဘယ်မှာနေတာလဲ”
“မြောက်ဥက္ကလာမှာပါ”
အော်….တို့နဲ့အတူတူပေါ့။ ဘယ်ရပ်ကွက်လဲ..
“နွယ်နီလေ…ဆေးရုံရှေ့”
“အော်..ဆရာနတ်နွယ်တို့ရပ်ကွက်ပေါ့”
“ရှင်”
“ဆရာနတ်နွယ်လေ”
“ဘာလုပ်တာလဲ…မသိဘူး”
အ့ဒဲီတော့ စကားဝိုင်းက ဘာဆက်ပြောရမှန်းမသိတော့ဘူး
ဆရာနတ်နွယ် ..ဘယ်သူလဲဆိုတာ. ဘာလုပ်တာဆိုတာတောင်မသိတော့…ဘယ်လိုလုပ်ကြမလဲဗျာ..
××××××
လူတို့အလုပ်ကို လိုက်ရှာကြပါသည်။ လွယ်လွယ်နှင့်မရ….
ထို့အတူ တစ်ချိုအလုပ်တွေကလည်း လူကိုလိုက်ရှာနေပါသည်။ လွယ်လွယ်နှင့်မရပြန်..
အလုပ်ကလိုအပ်သည့်လူကလည်းရှားပါလား ဆိုတာကို ကျွန်တော်သဘောပေါက်သွားပါသည်။ ဘာကြောင့်လဲဆိုသည့်
အဖြေကတော့ ရှင်းရှင်းလေးပါ။
Skill ပဲပေါ့. Ability ပဲပေါ့ စွမ်းဆောင်နိုင်မှု၊ ကျွမ်းကျင်မှု။
ဒါက ကိုယ့်ဘက်ကဖြည့်ဆည်းထားရမည့်အပိုင်း။ ဘယ်သူကိုမှ အပြစ်ပုံချနေရစရာမလို။
လူတွေကအလုပ်ကိုလိုက်ရှာနေသလို။။။ တစ်ချို့သောအလုပ်တွေကလည်း လူကိုလိုက်ရှာနေပါကြောင်း….

ညအလင်္ကာ
၂၀၁၀ခုနှစ်၊ အောက်တိုဘာလ(၅)ရက်__

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“အိမ်တမ်းချင်း”

နေ့တစ်နေ့စ ထွက်ပြူလာတိုင်း ဖြူစင်တဲ့အမေ့အိမ်လွမ်းတယ်
အရာရာကလေးလို
ပူဆာလို့ရရင်လည်းကောင်းသား

အခုတော့ရောက်ရာအရပ်
အလုပ်မှာ ကျွန်တော်မလုပ်တဲ့အမှားအတွက်
တစ်ခါရံအပြောခံရတိုင်း
ဘာလုပ်လုပ် “မှန်” ခဲ့တဲ့
အိမ်ကိုလွမ်းတယ်

ရိုးရှင်းတဲ့ မနက်မှာ
အမေ့အပြုံး နဲ့ ကော်ဖီတစ်ခွက်
ငါ့မနက်အတွက်အချိုမြိန်ဆုံးနေ့ရက်တွေ

ညဘက်ခိုနားရာမဲ့တိုင်း
အခန်းထဲ ဒီနေ့ထိလာချော့သိပ်ဆဲ
အမေ့ရဲ့ ရင်ငွေ့ သိပ်လွမ်းတယ်

ကြာလာတော့လည်း
ဘ၀အတွက်ရည်မှန်းချက်တွေနဲ့
အမေ့အိမ်လေးကိုလွမ်းရင်းဝေးရင်းဘဲ
ငါ့မျက်ရည်တွေတောင် .................
ခန်းခြောက်ဖို့တောင်မကျန်တော့ဘူး

လေပူတစ်ချက် မှုတ်ထုတ်ရင်း
အိမ်ကိုပြန်ချင်တယ်……………..

 
ညအလင်္ကာ(28/8/10)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“သူငယ်ချင်းအချစ်”

သူငယ်ချင်း ချစ်ပဲ ကောင်းပါတယ်

ခင်မင်မှုတွေ တစ်စစတိုးလာလို့

အပြုံးတွေမှာ တစ်ငွေ့ငွေ့တွေ့နေတဲ့ မြတ်နိုးမှုတွေကို

မမြင်ချင်ယောင်ဆောင်ရင်း

မျက်စိမှိတ်ပြီး.........နေလိုက်တော့မယ်

သူငယ်ချင်း...လိုပဲ ဆက်ခင်ချင်လို့.........



×××××××××××××××××××

“သူငယ်ချင်းအချစ်”

သူ၏မေတ္တာ.. ပန်းနွယ်အလား

ယိမ်းကစားလည်း ..ရင်မှာသိုဝှက်

မဖြည့်စွက်ပါ ..ခင်မင်လျှက်သာ

နေတော့မည်။

ကွက်လပ်မေတ္တာ ဖွင့်ဟလာလည်း

ရင်မှာထိန်ဝှက် သိလျှက်နဲ့ပင်

အသိခက်သည်သာ ..သူငယ်ချင်းအချစ်

ရှိနေမည်။

ဟန်ဆောင်ခြင်းတွေ..ဖုံးကွယ်ထားရှိ

သည်သို့သည်သာ တိတ်တိတ်ဖြေ၍

သူငယ်ချင်းလိုပဲ..ဆက်၍ခင်မည်

သူငယ်ချင်း..အချစ်နဲ့

ချစ်နေမည်



+++++++++++++++++++++++++++++++++++++++++++++++++

“သူငယ်ချင်းအချစ်”

ငယ်စဉ်တောင်ကျေး ကလေးဘဝ

မင်းနဲ့ငါနဲ့ မယိုင်မလဲ

ခိုင်မြဲမေတ္တာ သူငယ်ချင်းထက်

မပိုခဲ့ပါ သူငယ်ချင်း

အရွယ်ရောက်၍ ပျံသင်ခါစမှာ

တို့များစိတ်တွင် ခိုဝင်လာသည်

စိတ်တွင်လှုပ်ခတ် စည်းနယ်ပိုင်းခြား

ထိုစိတ်များလည်းမရှိပါ

သန့်စင်မေတ္တာ ရင်မှာအမြဲ

သိုသိပ်ထားမည် ၀န်းကျင်မှကွယ်

ဝေဖန်စကား ရှိနေငြားလည်း

မဖောက်ပြန်ပါ တို့မေတ္တာတွေ

ငယ်စဉ်ကလိုပါ သူငယ်ချင်း

ပူလောင်စိတ် တိတ်တခိုးနဲ့

ရင်ထဲမရှိ.. ခင်မင်စိတ်ထား

ပြောင်းမသွားဘဲ သူငယ်ချင်းလိုပဲ

ဆက်၍ခေါ်နေမည်

ဘ၀ဆုံးထိ သက်သေတည်

သူငယ်ချင်းအဖြစ်နဲ့ ချစ်နေမည်။


ညအလင်္ကာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လူငယ်နှင့် အချိန်အသုံးချမှု

လူဘ၀သက်တမ်း တစ်လျှောက်မှာ အကောင်းဆုံးတွေကိုလုပ် ဆောင်နိုင်မှာကတော့ လူငယ် လို့ သတ်မှတ် ထားတဲ့ အချိန်ပါပဲ။ လူငယ်လို့ ပါးစပ်ကနေ အော်လိုက်ရရင်ကို တော်တော်လေး ခွန်အားတွေ ပြည့်လာ သလိုပဲ။ လူငယ်ဆိုတဲ့ ဂုဏ်ကိုတော့ အလွန်တန်ဖိုးထားတယ်။ ရှေ့ ဆောင်ပုဂ္ဂိုလ်ကြီးတွေရဲ့ လူငယ်ဘ၀ ဖြတ်သန်းခဲ့ကြပုံလေးတွေကိုလည်း တတ်နိုင်သလောက် တော့လေ့လာမိတယ်။ တကယ်ကိုထွန်းပေါက် အောင်မြင်သွားကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အခက် အခဲ ဒုက္ခဆိုတာတွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ် သန်းခဲ့ကြ တယ်ဆိုတာလေးတော့ တွေ့ရပါ တယ်။ ဒါလေးတွေကို သာဓကပြုပြီး ယနေ့လူငယ်တွေ လက်ဖက်ရည် ဆိုင်မှာ အချိန်တွေကို အလဟသတ် ကုန်ဆုံးနေတာတွေ့ ရလို့သတိပေးချင်တာပါ။

ဘ၀ဆိုတာကိုအချိန်နဲ့တည်ဆောက်ထားတယ် လို့ဆရာပီမိုးနင်း စာအုပ်တွေမှာ တွေ့ခဲ့ရတယ်။ တန်ဖိုးရှိတဲ့ အရာတွေထဲမှာ အချိန်ဆိုတာကတော့ ဘာနဲ့မှာ အစားပြန်ထိုးလို့မရတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒါကိုလူငယ် လေးတွေ သိပြီးသားပါ။ တန်ဖိုးရှိတဲ့ အချိန်တွေအတွက် အကျိုးရှိရှိ အသုံးချကြဖို့ ပြောခဲ့တဲ့ စာအုပ်ပေါင်း တွေလည်း ထပ်နေပါပြီ။ လက်ဖက်ရည်ဆိုင်မှာ အကျိုးမ ရှိတဲ့ စကားတွေပြောပြီး အချိန်ကုန်နေကြ မယ့်အ စား တစ်ခုခုကိုအာရုံစိုက်ပြီး လုပ်ကိုင်ကြမယ် ဆိုရင်ဖြင့် အဖိုးတန်လူငယ်တွေ မြန်မာပြည်မှာ အမြောက် အများထွက်လာမှာပါ။

ဘ၀ဆိုတာကတော့ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ဘ၀အကျိုးပေးနဲ့ကိုယ် ဆင်းရဲတာရှိသလို ချမ်း သာတာလည်း ရှိကြမယ်။ ဘယ်လိုဘ၀မျိုးပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်ရာကို ဖြစ်ခွင့်ရှိပါတယ်။ အဓိ ကအကျဆုံးကတော့ ကိုယ့်စိတ်ပါ။ ဘ၀အကျိုးပေးနုံချာလို့ လောကဓံဆိုးတွေရင်ဆိုင်ကြ ရတယ်။ လွတ်လပ်မှုမရှိလို့ လုပ်ချင် ရာလုပ်လို့မရဘူးဆိုတာတွေလည်း ရှိပါတယ်။ ဘယ်လိုမျိုး အနေအထားမှာပဲ ရှိနေပါစေ ဖြစ်ချင်တယ်ဆိုရင် အားလုံးကိုရင်ဆိုင်ကျော်လွှားရဲတဲ့သတ္တိတစ် ခုပဲလိုပါတယ်။ ဘ၀အခြေမွဲလို့ နိုင်ငံတော်သမ္မတ မဖြစ်နိုင်ဘူးဆိုတဲ့ခံယူချက်ရှိနေကြမယ်ဆို ရင် အမေရိကန်နိုင်ငံရဲ့ မော်ကွန်တင် သမ္မတကြီး အေဗရာ ဟမ်လင်ကွန်း အကြောင်းလေး လေ့လာဖတ်ရှု့ကြည့်ကြစမ်းပါ။ ပြောကြမယ်ဆိုရင်တော့ မွဲလိုက်တဲ့ မောင်လို့တောင်ဆိုရမှာပဲ။ ဒါပေမယ့်လည်း ဒိပ်ဒိပ်ကြဲနာမည်ကြီးသွားတဲ့အထိဖြစ်သွားခဲ့ရတာ သူ့ရဲ့ပြင်းပြ တဲ့ ဆန္ဒနဲ့ ကျိုးစားမှုတွေကြောင့်ပဲ မဟုတ်လား။ သူ့မှာစာအုပ်တစ်အုပ်ကို ဖတ်ခွင့်ရဖို့ ဘယ်လောက်ထိ ခက်ခဲလဲ သူ့အကြောင်းကိုလေ့လာကြည့်ရင်သိကြရမှာပါ။ အလင်းရောင်အား မှိန်တုတ်တုတ် သာပေးနိုင်တဲ့ မီးလင်းဖိုအဘေးမှာ စာတွေကို ဖတ်ရင်းနဲ့ တစ်ကမ္ဘာလုံးက လေးစားအားကျ ရတဲ့ သမ္မတကြီး တစ်ဦးဖြစ်ခဲ့ ရတာပါ။

ယနေ့လူငယ်တွေမှာ အခြေခံပညာ မသင်ရတဲ့သူဆိုတာတော့ခတ်ရှားရှားဖြစ်နေပါပြီ။ လေ့လာ မယ် ဖတ်ရှုမယ်ဆိုရင် စာအုပ်စာတန်းတွေကလည်း တစ်ပုံတစ်ခေါင်းရှိပါတယ်။ ဒီလိုမျိုးလုပ် ကြကိုင်ကြဖို့တော့ အချိန်မပေးနိုင်ကြပဲ လက်ဖက်ရည်ဆိုင်တွေမှာ ရုပ်ရှင်ကြည့် တန်ဖိုးမရှိစ ကားတွေ ပြောပြီးအချိန် ကုန်နေကြတယ်။ ဘ၀ဆိုတာကိုလွယ်လွယ်ကလေးထင်ပြီး လွယ် လွယ်ဖြတ်သန်းကြလို့ကတော့ လွယ်လွယ် ကလေးပဲပြီးသွားမှာပဲလေ။ ဒီနေ့ခေတ်ကြီးမှာက လေ့လာချင်တယ်ဆိုရင် လေ့လာစရာတွေက တစ်ပုံတစ် ခေါင်းနဲ့ မကုန်နိုင်ပါဘူး။ ဒီလောက် ခက်ခက်ခဲခဲကြီးလဲမရှိတော့ပါဘူး။ ရှေ့လူတို့က စားသုံးရန်အ သင့်စီမံပေးထားတာတွေကိုပဲ လေ့လာကြည့်ကြပါအုံးလို့တိုက်တွန်းချင်တာပါ။ ခေတ်လူငယ်တွေ ခေတ်လူ ငယ်တွေဆိုပြီး အပုတ်ချ ပြောဆိုနေသံတွေကို လူငယ်တွေကြားနေကြမှာပါ။ ပြောလည်းပြောချင်စရာတွေက ဖြစ်နေတာဆိုတော့ ပြောတဲ့ လူတွေမှာ အပြစ်မရှိဘူးလို့ ပဲယုံကြည်တယ်။

မိဘတိုင်းမှာ ကိုယ်မွေးထားတဲ့သားသမီးတိုင်းအတွက်မျှော်လင့်ချက်ထားကြတယ်။ ကိုယ်မွေး ထားတဲ့ သားလေး၊ သမီးလေးကို သူများတွေတော်သလိုတော်စေ့ချင်တယ်။ အဲဒီလိုမျိုးတွေချိန် ထိုးပြရင်လည်း လူငယ်တွေက လက်မခံချင်ကြဘူး။ဘယ်သူမှားလဲစဉ်းစားကြဖို့လိုတာပေါ့။ ဘ၀ဆိုတာက ကိုယ်တိုင်ရင် ဆိုင်ကြည့်မှသိတာ။ ဘ၀ကိုတန်ဖိုးရှိရှိဖြတ်သန်းနေကြတဲ့လူငယ် လေးတွေလည်း တစ်ပုံတစ်ခေါင်းပါပဲ။ မိသားစုရဲ့ အခြေအနေအရ ကိုယ့်ဘ၀ကိုယ်ကြောင်းပြီး တိုးတက်မှု အောင်မြင် မှုနောက်ကိုလိုက်နေကြတဲ့ လူငယ်လေးတွေလည်းရှိတယ်။ သူငယ်ချင်း မိန်းခလေးထဲက လေးစားရလောက်တဲ့ သူငယ်ချင်းတစ် ယောက်အကြောင်း အနည်းငယ် လောက်တော့ ပြောပြချင်တယ်။

သူဆိုရင် ဆယ်တန်းအောင်ပြီးကတည်းက အရောင်းစာရေးမလေး အဖြစ်နဲ့ ပရိဘောဂဆိုင် တစ်ဆိုင်မှာ အလုပ်ဝင်လုပ်နေခဲ့တာပါ။ ဆယ်တန်းမှာ အမှတ်ကောင်းကောင်းရခဲ့ပေမယ့် ဂျီတီစီ တို့ ကွန်ပျူတာတို့ ဆိုတာတွေကို တက်ဖို့ အခွင့်မသာဘူး။ငွေကြေးအခက်အခဲကြောင့်လည်း ပါတာပေါ့။ အလုပ်လုပ်ပြီး အဝေးသင်ဘွဲ့ပဲ ရအောင်ယူတော့မယ်လို့ဆုံးဖြတ်ထားသူတစ် ယောက်ပါ။ အခုအခြေအနေမှာတော့ မန်နေဂျာလေး အဆင့်ထိဖြစ်နေပါပြီ။ အလုပ်အပေါ်မှာ အာရုံစိုက်မှု၊ အလုပ်ကိုလေးစားမှုတို့ကြောင့် အလုပ်ရှင်ကလက်မလွှတ်ချင်တော့ပါဘူး။ သူ့ကို ကြည့်လိုက်ရင် အလုပ်ကအားတယ်မရှိဘူး။ အရောင်းဆိုင်ဆိုတော့ သူများတွေ အလုပ်ပိတ်လို့ လည်း သူ့မှာမပိတ်ရဘူး။ တစ်ခါတစ်ရံသူငယ်ချင်းတွေက ဟိုနားသည်နားလည်ဖို့ ပတ်ဖို့ခေါ် ရင်တောင် အလုပ်မအားပါဘူးဆိုတဲ့ အသံပဲကြားနေရတယ်။ ကျူရှင်ကိုလည်း ပိုက်ဆံအပိုကုန် မှာဆိုးတဲ့အတွက်မတက်ဘူး။ ကျူရှင်တက်နေကြတဲ့ သူငယ်ချင်းတွေဆီက စာကိုရအောင်ယူ ပြီးကျိုးစားလာတာ အခုဆိုရင် ဘွဲ့တောင်ရခါနီးနေပါပြီ။ သူငယ်ချင်းတွေကလည်း သူ့အ ကြောင်းသိနေတော့ တက်နိုင်သလောက် ကူညီကြပါတယ်။

ဒီလိုမျိုး ဘ၀ကိုအကျိုးရှိရှိ ရင်ဆိုင်နေကြတဲ့ လူငယ်လေးတွေအများအပြားရှိပါတယ်။ ခေတ်နဲ့ စနစ်နဲ့ တိုးတက်နေပါတယ်ဆိုတဲ့ ခေတ်မှာ အပျော်အပါးတွေနဲ့ အချိန်ကုန်နေကြတဲ့လူငယ် တွေကလည်း တော်တော်များများရှိနေတယ်လေ။ မိဘရဲ့အရိပ်အောက်မှာတော့ လုပ်ချင်ရာ လုပ်လို့ ရကြပေမယ့် ရှေ့ဖြတ်သန်းရမယ့် ဘ၀က ဘယ်လောက်အတိုင်းအတာထိရှည်ကြအုံး မယ်ဆိုတာ သိရတာမဟုတ်ဘူး။ ပညာသင်ရမယ့်အချိန်မှာ ပညာ သင် အလုပ်လုပ်ရမယ့်အ အချိန်မှာ အလုပ်လုပ်ကြမှသာလျှင် နောင်ရေး အတွက် စိတ်အေးရမယ်။ ဒါနဲ့ ပတ်သတ်ပြီး တော့ လူငယ်တွေ ကို တရားစကား လေးနည်းနည်း ထည့်ပြောချင်တယ်။ “ လုပ်တိုင်းမဖြစ်စိတ် မညစ်နဲ့” ဆိုတာလေး တော့ သတိထားကြပါ။ ကိုယ်တွေက ကျိုးစားပါတယ်။ ဒါပေမယ့် ဘာမှ ဖြစ်မလာဘူး လို့ စိတ်ဓာတ်ကျကုန်တဲ့ လူငယ်တွေလည်း ရှိတယ်။ ကျိုးစားဖို့က ကိုယ့်တာဝန် ပါ။ အချိန်တန်ရင် ကျိုးစားထားသမျှ အကျိုးပေးလာပါလိမ့်မယ်။

ဘကြီးတစ်ယောက်ကို ကန်တော့တိုင်း ဘကြီးပေးတဲ့ဆုက “ လုံလစိုက်၊ ၀ရိယထုတ်၊ ဖြစ်အောင် ကျိုးစား” လို့ ဘကြီးက အမြဲတမ်းဆုပေးလေ့ရှိတယ်။ တိုးတက်နေတဲ့ခေတ်မှာ တိုး တက်ရာတိုးတက်ကြောင်းကိုလိုချင်ရင် လိုချင်သလောက်ရနိုင်ပါတယ်။ ဒွိဟတွေမများပဲ လမ်း ကြောင်းတစ်ခုကိုရွေး ပြီး ဒိပ်ဒိပ်ကြဲပုဂ္ဂိုလ် တစ်ယောက်ဖြစ်အောင် လုပ်လို့ရပါတယ်။ ကိုယ်တ ကယ်ဝါသနာပါရာလမ်းကြောင်းကို အစွန်းစုံထိ ရေကုန် ရေခန်းလိုက်ကြစမ်းပါ။ ဘယ်ကိစ္စမဆို အခက်အခဲဆိုတာတော့ ရှိတတ်ပါတယ်။ အခက်အခဲဘယ် လောက်ပဲများနေနေ ရင်ဆိုင်ကျော် လွှားရဲတဲ့ သတ္တိတစ်ခုပဲလိုပါတယ်။ မြက်ပင်လေးတွေ ဆိုရင်နင်း သွားလိုက် ၊ စူးညှောင့်ခလုတ် နဲ့ တွေ့ ရင်ဖယ်ရှားပစ်လိုက် ၊ တားဆီးပိတ်ပင်ထားပြီဆိုရင်တော့ တွန်းဖွင့်သွား လိုက်ပါလို့ တိုက်တွန်းချင်တာပါ။ လူငယ်တိုင်းမှာ စိတ်ကူးယဉ်အိမ်ဆိုတာလေးတွေရှိတယ်လေ။ အဲဒီစိတ် ကူးယဉ်အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ လက်ဖက်ရည်ဆိုင်မှာထိုင်နေလို့မဖြစ်ဘူး။

စိတ်ကူးယဉ်အိမ်မက်တွေ လက်တွေ့ဖြစ်လာဖို့ ဆိုရင် ဘယ်လိုအခက်အခဲမျိုးမဆိုရင်ဆိုင်မှ လက်တွေ့ဖြစ် လာမှာပါ။ အသက်ကြီးလာတဲ့ အချိန်ဘယ်လိုနေရာမျိုးမှာ ရပ်တည်နိုင်တယ် လို့ ဆုံးဖြတ်ဖို့အတွက် လူငယ်ဘ ၀မှာ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာနဲ့ ပဲဆိုင်တယ်။ အချိန်ကောင်း အခါကောင်းကို ကောင်းကောင်း အသုံးချကြပါလို့ ယနေ့ခေတ်လူငယ်များအားလုံးကို ဆန္ဒပြု တိုက်တွန်းခြင်းသာ ဖြစ်ပါတယ်။


နောင်တော်လေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS