RSS

ယမကာယဉ်ကျေးမှု


ထုတ်ကုန်ပစ္စည်းတွေ တစ်နေ့တခြား များပြားလာတယ်။ လူဦးရေ တိုးတက်မှုနှုန်းထားနဲ့အညီ အပြိုင်အ ဆိုင်ဖြစ်လာနေတဲ့ ထုတ်ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးဟာလည်း အံ့မခန်းပါပဲ။ တစ်နေ့တခြား သတိပြုမိလာတာကတော့ ယမကာထုတ်လုပ်လုပ်မှုလို့ပဲ ဆိုရမှာပါ။ လူကြီးကလည်း ယမကာ၊ လူငယ်တွေ ကလည်း ယမကာဖြစ်လာ နေကြတယ်။ ယမကာအမျိုးအစားပေါင်းကလည်း ထောင်သောင်းမက ဖြစ်လာနေ ပါပြီ။ အမျိုးသမီးတွေကပါ ယမကာ ဖြစ်လာကြတော့မလား လို့ စိုးရိမ်ရတယ်။

လမ်းဘေး ၀ဲ၊ယာကိုကြည့်လိုက်တော့ လက်ဖက်ရည်ဆိုင်နဲ့ ဘီယာဆိုင်၊ အရက်ဆိုင် အချိုးက တူညီနေတာ ကို တွေ့ရပါတယ်။ စီပွားရေးသမားတွေက လုပ်ငန်းသဘောအရ မိတ်ဖြစ်ဆွေဖြစ်သောက်ကြတယ်။ ယစ် ထုတ်ကြီး တွေကတော့ မိုးမလင်းသေးဘူး အရက်ဖြူဆိုင်ရှေ့မှာ တန်းစီနေကြပြီ။ လူငယ်တွေကလည်း ဒါတွေ ကိုအားကျမိ ကြတာလားလို့တောင် တွေးမိပါတယ်။ လက်ထဲမှာ ငွေငါးရာလောက်ရှိရင် လက်ဖက်ရည် ဆိုင်ထိုင်တယ်။ ငွေ ငါး ထောင်လောက်လက်ထဲမှာ ရှိပြီဆိုရင်တော့ ဘီယာဆိုင်သွားဖို့ စိုင်းပြင်းနေကြပြီ။

အပျော်ကနေစလိုက်တာ ပျက်စီးသွားတဲ့ အဆင့်ထိရောက်သွားရတဲ့ သာဓကတွေကိုလည်း သိနေကြပါတယ်။ ပထမဆုံးအကြိမ်မှာတော့ ဘီယာသောက်တာ မမူးပါဘူးကွာဆိုပြီး သောက်လိုက်ကြတယ်။ မသောက်ဘူး လို့ ပြောတဲ့ သူငယ်ချင်းတွေကိုလည်း သောက်ဖို့အတင်း အဓမ္မတိုက်တွန်းကြတယ်။ ခါးခါးသီးသီး ငြင်းနေပြီဆိုရင် တော့ မခံချင်အောင်ပြောတယ်။ နောက်ဆုံးတော့ ဘီယာဆိုင်ကို အတူတူရောက် သွားကြ တယ်။ တစ်ခွက်၊ တစ် ဖလားနဲ့ စလိုက်ကြပြီ။ ယမကာကို သုံးဆောင်နေကြတာ လက်လွတ်စပါယ်တော့ မဟုတ်ပါဘူး။ အချို့ကအပျော် လွန်ပြီး သောက်ကြတယ်။ ပျင်းလို့ သောက်တဲ့သူလည်းရှိတယ်။ စိတ်ညစ်တဲ့အ ခါတွေမှာလည်း ယမကာနဲ့စိတ် ဖြေကြတယ်။ အကြောင်းပြချက်မျိုးစုံနဲ့ သောက်မှန်းမသိသောက်နေ လိုက်ကြတာ မြန်မာပြည်မှာရှိတဲ့ ၈၀% နှုန်း လောက်သော ယောက်ျားတွေဟာ ယမကာလုလင်တွေ ဖြစ်နေကြတော့တယ်။

အစမှာတော့ ဆိုးဆိုးရွားရွားမမူးတဲ့ ဘီယာ(Beer)ကိုသောက်ကြတယ်။ တဖြည်းဖြည်းနဲ့ ယမကာသောက် ရခြင်း အကြောင်းကို အဆင့်မြင့်မြင့်တွေးလာကြတယ်။ နောက်ဆုံးတော့ ယမကာသောက်ရခြင်းရဲ့ အဓိက ရည်ရွယ် ချက်ဟာ မူးချင်လို့သောက်တယ် ဆိုတာကို သိလာကြပါလေရော။ ဘီယာပါးဝလာပြီ ဖြစ်တဲ့အတွက် တစ်ခွက် သောက်လည်း မမူး၊ နှစ်ခွက်သောက်လည်း မထူး ဖြစ်လာကြပြီ။ ပိုက်ဆံကလည်း လက်ထဲမှာ ရှားပါးလာတဲ့ အချိန် မူးရစ်ရီဝေတဲ့ အရာသကိုလည်း ခံစားချင်ကြသေးတယ်။ အဲဒီတော့ ဘီယာတစ်ခွက်၊ ၀ီစကီ တစ်ပတ် ရောလိုက်တယ်။ ဘီယာက ၆၀၀၊ ၀ီစကီက ၂၀၀ ငွေ ၈၀၀ ရာလောက်ရှိရင် မူးရစ်ရီဝေတဲ့ အရသာကို ကောင်း ကောင်းခံစားလို့ ရသွားကြတယ်။

ယမကာအကြောင်းရေးသာရေးရတယ်။ သူငယ်ချင်းတစ်ယောက် ကြေညာချက်ထုတ်ထားတာကိုလည်း အမှတ် ရနေပါသေးတယ်။ ကြေညာချက်က အရက်မကောင်းကြောင်းရေးထားတဲ့ စာအုပ်ပေါင်းများစွာရှိတဲ့ အတွက် နောက်ဆို ဘယ်တော့မှ အဲဒီစာအုပ်တွေကို မဖတ်တော့ပါ တဲ့ဗျာ။

အခုနောက်ပိုင်းမှာ ထုတ်လုပ်မှုအရမ်းများလာတဲ့အတွက် ယမကာတွေကိုလည်း Promotion လုပ်လာကြတာ ကိုတွေ့ရပါတယ်။ ဘီယာငါးခွက်သောက်လျင် တစ်ခွက် Free ဆိုတာကို ရောင်စုံမြေဖြူခဲ့နဲ့ စာလုံးကြီးကြီးရေး ပြီး ဆိုင်ရှေ့တွေမှာ ကြော်ငြာထားပါတယ်။ Free ဆိုတာကို မြင်လိုက်တာနဲ့ ငါးခွက်စာရင်းပြီး Free တစ်ခွက်ကို ရအောင်သောက်ကြမယ့် သူတွေကများပါတယ်။ ကလေးဘ၀ကတည်းက ကြားဖူးခဲ့တဲ့ ပုံပြင်လေး ပြန်ပြောပြ ချင်သေးတယ်။ အမေဖြစ်သူက သားကိုဆီသွားဝယ်ခိုင်းတယ်။ ဆီထည့်ဖို့ ပန်းကန်လုံးလေးပေးပြီး ဆီငါးကျပ် သားဝယ်လာခဲ့လို့မှာလိုက်တယ်။ ပြီးတော့ အစစ်ပိုတောင်လာခဲ့၊ ရအောင်တောင်းလာခဲ့လို့ အသေအချာမှာ လိုက်သေးတယ်။ ဈေးဆိုင်ကိုရောက်တော့ ဆီငါးကျပ်သားချိန်ပြီး ထည့်လိုက်တာ ပန်းကန်လုံးနဲ့ အတိအကျ ဖြစ်နေတယ်။ ကလေးက အမေမှာလိုက်တဲ့အတိုင်း အစစ်ပိုတောင်းတော့ ဆိုင်ရှင်က ထည့်ပေးလို့ မရတော့ဘူး လို့ ပြောပြတယ်။ ကလေးကလည်း အစစ်မရလို့ မဖြစ်ဘူး။ အမေဆူလိမ့်မယ်လို့ ပြန်ပြောတယ်။ ကလေးက ဥာဏ်ရှိတယ်။ ဆီပန်းကန်လုံးကို မှောက်ချလိုက်ပြီး ပန်းကန်လုံးဖင်အခွက်ထဲကို အစစ်ထည့် ခိုင်းတယ်။ အမေမှာ လိုက်တဲ့ အစစ်ကိုရအောင် ယူလာတဲ့ အတွက် အမေလည်း ဘာမှမတတ်နိုင်တော့ဘူး။ အစစ်လိုချင်လွန်းတဲ့ အမေ မှတ်လောက်သားလောက်ဖြစ်သွားအောင် သားလူတော်လေးကပညာ ပြလိုက် တယ်။ အခုလည်း အစစ် လိုချင်ရင်တော့ ငါးခွက်စာရင်းရမှာပေါ့။

သူငယ်ချင်းအများစုဟာ မွေးနေ့ပွဲကျင်းပလေ့ရှိတယ်။ ထူးဆန်းတာလေး တစ်ခုတော့ သတိပြုမိ တယ်။ မွေးနေ့ပွဲ ဟာနေ့ခင်း နေ့လည်မှာ ကျင်းပတာမဟုတ်ဘဲ ညအချိန်ကျ မှ သောက်ကြ စားကြနဲ့ ပျော်ရွှင် ဖွယ်မွေးနေ့ကို ကျင်းပကြတယ်။ လူလောကကြီးထဲ ကို ရောက်တဲ့ နေ့ရက်အဖြစ်မှတ်မှတ်ရရနဲ့ ထူးထူးခြား ခြားမူးကြတယ်လို့ ဆိုရမှာပါ။ တစ်ဖက်ကလည်း ပြန်တွေးမိပါသေးတယ်။ အို၊နာ၊သေ ဆိုတဲ့ သတ္တလော ကကြီးကို အရွဲ့ တိုက်ပြီးတော့များ လုပ်နေကြတာများလားပေါ့။ သူငယ်ချင်းတွေထဲမှာ နည်းနည်းသောက် တဲ့သူနဲ့ များများသောက်တဲ့သူပဲကွာခြား တယ်။ လုံးဝမသောက်တဲ့သူက နှစ်ယောက်လောက်ပဲရှိတယ်။ နည်းနည်းသောက်တဲ့သူတွေကတော့ ထူးထူး ခြားခြား မပြောင်းလဲသေးပါဘူး။ များများသောက်တဲ့ သူတွေ ကတော့ ဗိုက် ကလေးရွှဲလာတယ်။ မျက်နှာက ဖောအစ်အစ် ဖြစ်လာတယ်။ ယမကာ ရုပ်လုံးကြွလာတယ်လို့ ဆိုရမှာပါပဲ။

ယမကာကြော်ငြာတွေကို ကြည့်လိုက်ပြန်တော့လည်း စွဲမက်နှစ်သက်ဖွယ်ရာတွေ ဖြစ်နေတယ်။ ကြော်ငြာ အား ကလည်း ကောင်းမှကောင်း သောက်သုံးသူအရေအတွက် ကလည်း မနည်းမနော ဖြစ်လာတဲ့ အချိန်မှာ စီးပွား ရေးသဘောအရ ထုတ်ကုန်များများထုတ်ပြီး အမြတ်နည်းနည်းပဲ ယူတဲ့အဆင့်ကို ရောက်လာ တယ်။ သောက် သုံးသူတွေအတွက် ပိုပြီးအဆင်ပြောလာပါတယ်။ လက်ဖက်ရည်မသောက်ကြတော့ဘူး။ ယမကာကိုပဲ သောက် သုံးလာကြတော့တယ်။

သူငယ်ချင်းတစ်ယောက်က ဖွံ့ ဖြိုးပြီးနိုင်ငံတွေမှာ ယမကာရောင်းတဲ့ စနစ်အကြောင်းကို သူသိသလောက် ရှင်းပြ ပေးတယ်။ အချို့ တိုင်းပြည်တွေမှာ လူငယ်တွေ ပျက်စီးမှာ စိုးရိမ်တဲ့ အတွက် နိုင်ငံသားတွေ ယမကာ လာဝယ်ရင် ဈေးကြီးကြီးနဲ့ ရောင်းတယ်။ နိုင်ငံခြားတိုင်းပြည်က လူတွေဆိုရင် ဈေးချိုချိုနဲ့ရောင်း ပါသတဲ့။ နိုင်ငံသားတွေ ယမကာကို အလွယ်တကူ မသောက်သုံးမိအောင် ထိန်းသိမ်းတဲ့ သဘောလို့ပဲ ထင်မိပါတယ်။

လွယ်လွယ်ရလို့သောက်မိရာကနေအဆင့်တွေမြင့်လာကြတယ်။လက်ထဲမှာ ငွေများများရှိရင် ဈေးကောင်းပေး  ရတဲ့  အရက်ကိုမှ သောက်ချင်ကြတယ်။ အ၀င်ကောင်းတယ် လို့ ဆိုကြတယ်။ မူးတာ ကတော့ အတူတူ ပါပဲ။ ရေသန့်ဘူး အသေးလောက်သာရှိတဲ့ အရက်ပုလင်းကို ၁၅၀၀၀ ပေးပြီးသောက်တဲ့ သူငယ်ချင်းက ဂုဏ်ရှိလှပြီ ထင်နေတယ်။ လူစုံတိုင်းရှင်းပြနေတော့တာပါပဲ။

သုံးနိုင်ဖြုန်းနိုင်တဲ့ အချိန်မှာတော့ လုပ်ချင်ရာလုပ် သင့်တော်ပါတယ်။ မသုံးနိုင် မဖြုန်းနိုင်တဲ့အချိန်ကြတော့ လည်း ၀ီစကီ၊BEဘက်ကို ပြန်လှည့်ကြတာပေါ့။ ပြည်တွင်းဖြစ်ကို အားပေးရာလည်းရောက် တယ်လေ။   ပေါ့သေးသေးတော့ မမှတ်နဲ့ မြန်မာပြည်က ထုတ်တဲ့ အရက်တွေက ကမ္ဘာအဆင့်ဝင်တွေရှိတယ်။

ယမကာယဉ်ကျေးမှုကြီးထွားလာလိုက်တာ သာရေး၊ နာရေး၊ အလှူအတန်းပါမကျန် ယမကာ ပါကိုပါမှ ဆိုတဲ့ အဆင့်ထိ ဖြစ်လာတယ်။ ဆိုရိုးစကားတွေလည်း ကပြောင်းကပြန်ဖြစ်ကုန်တယ်။ မသောက်မစကား လူမင်းသား သောက်သောက်စားစားလူငနွား လို့အဆိုရှိခဲ့ရာက ယမကာကိုကိုတို့က သောက်သောက်စား စား လူမင်းသား မသောက်မစား လူငနွား လို့ ပြောင်းလိုက်ကြသတဲ့။ အရက်ဖြတ်ဖို့ အကြောင်းကို လည်း ယောင်လို့တောင် မဟ မိကြပါစေနဲ့ သေရည်အရက် သေမှဖြတ်မယ်လို့ ဆုံးဖြတ်ထား ကြတာ ပါ။ ပြောတဲ့သူသာ မောသွားပါလိမ့်မယ်။

မသိလို့မိုက်နေကြတာ မဟုတ်ပါဘူး။ သိသိနဲ့ မိုက်နေကြတာပါ။ တားမြစ်ထားတာကို လိုက်နာမယ်ဆိုရင် သူ ငယ်တန်းလောက်ကတည်းက နေ့စဉ်ရွတ်ဆိုလာတဲ့ ငါးပါးသီလထဲမှာ ဒီအချက်ပါပြီးသားပါ။ အဲဒီတော့ မသိလို့ မိုက်တာမဟုတ်ဘဲ အသိခေါက်ခတ် အ၀င်နက်ဖြစ်နေကြတာပါ။ ယမကာဆိုတာ မကောင်းမှုဒုစရိုက် အားလုံးရဲ့ လမ်းဆုံလမ်းခွ ဖြစ်ပါတယ်။ ဒုစရိုက်အပေါင်းကို ကျူးလွန်လိုကြသူတိုင်း ယမကာ ကိုသောက်ကြသည်။ သောက်ပြီးသော်ခဏ ဒုစရိုက်အပေါင်းကို ကျူးလွန်ကြ၏။ အသိဥာဏ်ရှိပြီးသား လူတွေ ဖြစ်တဲ့အတွက် အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှန်အမှားကို မိမိတို့၏ ကိုယ်ပိုင်ဥာဏ်နဲ့သာ စဉ်းစား သုံးသပ်၍ မကောင်းမှုကို ရှောင်ရှားနိုင် ကြပါစေ။ ။



နောင်တော်လေး (ဘိုကလေး)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment