ဆူညံအောင် တော့မဖွင့်သင့်ပါ။
ဘာပဲလုပ်လုပ် သူတစ်ပါးကို ထည့်သွင်းစဉ်းစားပေးကြပါ
ဆူညံအောင် တော့မဖွင့်သင့်ပါ။
အဝေးကကျတဲ့မျက်ရည်
အဝေးကကျတဲ့မျက်ရည်
“လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှူ…..” မျှော်လင့်ထားတဲ့ အသံပေမယ့် … ကြားလိုက်တိုင်းမှာရင်ဘတ်ထဲမှာဆို့တက်သွားဆဲပါ..။ “ဘယ်တွေရောက်နေလို့လဲ…ဘယ်သူနဲ့များရှိနေတာလဲ”..အဲဒီအတွေးတွေက ကျွန်တော်ဦးနှောက်ကို တစ္စေ သရဲတွေလို ခြောက်လှန့်လို့လာပြီပေါ့…။ ဒါပေမယ့်…နှလုံးသားရဲ့စေရာအတိုင်း လက်ချောင်းတွေကတော့ ဖုန်းNo.တွေ အပေါ် ခုန်ပေါက်ပြေးလွှားနေတုန်း…။
“ဟယ်လို… ”
“…..ဟယ်လို ”
“………လား? \”
ဘာမှမထူးခြားတဲ့သာမန်ဖြေကြားသံလေးပေမယ့်..ကျွန်တော်အတွက်တော့ဘယ်တော့မှမရိုးနိုင်တဲ့သံစဉ်တစ်ပုဒ်လိုပါပဲ။ စူးရှတဲ့ ခံစားချက်တွေမပါတဲ့ သံစဉ်အေးအေးလေးပါ…။ နောက်တစ်မျိုးပြောရရင်..ကျွန်တော်နှလုံးသားရဲ့ အိပ်ရာဝင်ပုံပြင် ဆိုလဲ ဟုတ်တယ်..။ ဒီလိုနဲ့ပြောဆိုခဲ့တဲ့ အချိန်တိုလေးအတွင်းမှာရင်ခုန်သံတွေဖလှယ်ကြရင်း… သူမရဲ့အချစ်သင်္ကေတလေးတစ်ခုဟာလေလှိုင်းကနေတစ်ဆင့် ဖုန်းချခါနီး..ကျွန်တော်ရဲ့ပါးကိုလာရိုက်ခတ်…”နွေး” ကနဲပါပဲ….အချစ်ဆိုတာအဲဒါပဲထင်ပါရဲ့.။တဖြည်းဖြည်းပါပဲ…ဝေးနေတဲ့နေ့တွေမှာ..အဲဒီအနမ်းတွေ…အထီးကျန်မှူတွေ..မျက်ရည်တွေကိုအဖော်ပြုရင်းရင်ဘတ်ထဲကသံယောဇဉ်ကြိုးကတစနဲ့တစခိုင်မာလာ…
“တို့နှစ်ယောက်ရဲ့ အိပ်မက်တွေကိုတိမ်တွေပေါ်ထိတက်ရေးခဲ့ပေမယ့်… လေထဲဆောက်တဲ့တိုက်အိမ်မဟုတ်ခဲ့ဘူးဆိုတာကိုတော့ ယုံပေးပါချစ်သူရယ်.။”
အဲဒါကိုဘယ်သူမှမသိချင်နေမယ်…ရှုခင်းသာ ပန်းခြံကတော့ငါမေးလိုက်တိုင်း..ဆိတ်ဆိတ်နေပြီးသက်သေထူလေ့ရှိတယ် လေ..။ ပြီးတော့အသက်ရှူလိုက်တိုင်းမင်းနာမည်တမ်းတနေတဲ့ နှလုံးသားတစ်ခုကို…မင်းတစ်ဦးထဲပိုင်ရင်ခွင်တစ်စုံမှာ.. အလုံခြုံဆုံး သိမ်းဆည်း ထားပါတယ်ချစ်သူရယ် တစ်သက်လုံးအတွက်ပေါ့…
ကျွန်တော်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းထဲမှာတော့ ချစ်သူနှစ်ဦးရဲ့ နှစ်ပတ်လည်တိုင်းမှာမိုးမှောင်ချထားတတ်ပါတယ်…. ရုပ်ရှင်တွေထဲက လို…လမင်းကိုကြည့်ပြီး ချစ်သူဆီစကားတွေပြောဖို့တောင် အခွင့်အရေးမရှိသလို…ကျွန်တော်ငိုနေတာကို လက်ပိုက်ကြည့်မယ့် ကြယ်တွေလဲမရှိပါဘူး…။ ကျွန်တော်တို့နှစ်ယောက်ရဲ့ နှလုံးသားနှစ်ခုကို ဆက်သွယ်ပေးတဲ့ တစ်ခုထဲသောအရာက ဘီဒိုနဲ့ မဆံ့တော့တဲ့ ဖုန်းကဒ်တွေပဲရှိပါတယ်.။ ချစ်သူနှစ်ယောက်ရဲ့ အချစ်ပုံပြင်မှာ မပါမဖြစ်တဲ့ အချစ်စေတမန်တွေပေါ့.။ သူတို့လေးတွေရဲ့ ကောင်းမှုကြောင့် ပဲ ကျွန်တော်တို့နှစ်ယောက်ရဲ့ သံယောဇဉ်ဟာ အခုဆိုရင်......................................................
နောင်လာမည့် လပေါင်းများစွာ..နှစ်ပေါင်းများစွာ…စိတ်ကူးနဲ့ရူးခဲ့ဘူးပါတယ်…တစ်နေ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲထိ အဲဒီ ကဒ်လေးတွေကို အမှတ်တရသိမ်းထားမယ်လို့.။
မှတ်မိဦးမှာပါ ချစ်သူရယ်..
အဲဒီရက်စွဲလေးကို…။
ပြီးတော့
”ကိုယ့်ထက်အသက်ငယ်တဲ့သူကို မချစ်ဘူးလို့ဆုံးဖြတ်ထားပေမယ့် မင်းအတွက်တော့ ခြွင်းချက်ပါ” ဆိုတဲ့စကားလေးကို…
အဲဒီညကပုံမှန်တိုက်ခတ်နေကြ လေပြည်တွေတောင်ပိုအေးနေသလိုပါပဲ….
အဲဒီညကပါပဲ..”သူ” အမှတ်နဲ့ ခေါင်းအုံးပေါ်အနမ်းမိုးတွေရွာခဲ့မိတယ်..။
အဲဒီညကပါပဲ မှင်နီရာတွေပေကျံနေတဲ့ နှလုံးသားပေါ်မှာ ”သူ့” နာမည်ကို ထာဝရအတွက်ရေးထိုး သော့ခတ်ခဲ့တယ်..။
အဲဒီညကပါပဲ မှောင်မဲနေတဲ့ ကျွန်တော့ကောင်းကင်မှာ ဓူဝံကြယ်တစ်စင်း သာနေခဲ့တယ်…။
”သူ” နဲ့စတွေ့မိတဲ့နေ့မှာ…ကျွန်တော်လေ..အမေ့လက်ကိုဆွဲခေါ်ပြီးမေးချင်ခဲ့တယ်
”မေမေ သားကို ငယ်ငယ်တုန်းက ပြောပြနေကြအိပ်ရာဝင်ပုံပြင်ထဲက နတ်သမီးဆိုတာ ”သူ”လားလို့…..”
အရူးအမူးပါပဲ..အားလုံးရဲ့ လှောင်ရယ်သံတွေ မျက်ကွယ်ပြုပြီး သူ့ရဲ့အကြည့်တွေအောက်မှာ ကျေကျေနပ်နပ်ဒူးထောက်ခဲ့တယ်။ ကျွန်တော်ကျေနပ်ပါတယ်..ဘယ်သူတွေဘာတွေပြောပါစေ..\” မ ဟာတစ်သက်လုံး ကျွန်တော့အတွက်ပါ” ဆိုတဲ့ ကတိစကား တစ်ခု နဲ့တင် အရာအားလုံးကိုရင်ဆိုင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ ရက်တွေလပြောင်း လတွေနှစ်ပြောင်းသွားပေမဲ့အချိန်ကာလဟာ မင်းအချစ် နဲ့လှပ နေခဲ့ပါတယ်.။
သံသယကင်းတဲ့ အဖြူရောင် 528 အချစ်နဲ့ ချစ်ခဲ့တယ်ဆိုတာတော့ ယုံပေးပါချစ်သူရယ်…မင်းရဲ့အကြည့်တွေနဲ့ ငါ့ဘဝနေ့ရက်တိုင်းကို စိုးမိုးထားပေးပါ..ဘယ်သူ့ဆီမှ မလွှဲလိုက်ပါနဲ့.။
”ဘယ်အခြေအနေပဲရောက်ရောက် မင်းဆီအရောက်ပြန်ခဲ့ပါ့မယ်..”
မှတ်မိဦးမှာပါ..မော်တင်သင်္ဘောဆိပ်မှာ ငါအဲဒီကတိကိုပေးခဲ့တုန်းက..တို့နှစ်ယောက်ကြားမှာ မှန်ချပ်ကြီးတစ်ခု ခြားထားခဲ့တယ်လေ.။
အဲဒီတုန်းက…ကျွန်တော်ရှေ့မှာ..”သူ”ငိုနေတာကို..ကျွန်တော်အသိစိတ်ကင်းမဲ့စွာ..ရပ်ကြည့်နေခဲ့တယ်လေ..။
နားထဲမှာပဲ့တင်ထပ်နေဆဲပါ..ညရောက်လို့ဖုန်းပြောတုန်းက…
”နောက်တစ်ခါပြန်ရင်..ကျေးဇူးပြုပြီး လိုက်မပို့ပါရစေနဲ့” ဆိုတဲ့ ”သူ့”ရဲ့ တုန်ရီနေတဲ့ အသံလေးကို..။
ညအလင်္ကာ
ချစ်ပန်းဘဝ
ရာသီတွေနှောင်း ဘယ်လိုပြောင်းပြောင်း
သင်းပျံ့မွှေးကြိုင် ပန်းမြိင်ယံကို
နှလုံးနေရာ မြေကမ္ဘာမှာ
ပန်းကမ္ဘာသွင် ပန်းဝန်းရံဖို့
ချစ်ပန်းဥယျာဉ် ပျိုးခဲ့စေချင်။
နေခြည်တစ်ပေါက် အလင်းရောက်ခဲ့
အေးမြရေစို ပန်းပွင့်တွေကို
အသည်းမြေဆီ ဖျန်းပတ်ဝေသီ
မွှေးပျံ့ရရုံ ပန်းပွင့်စုံမို့
အသည်းမြေဆီ ဖျန်းပတ်ဝေသီ
မွှေးပျံ့ရရုံ ပန်းပွင့်စုံမို့
ချစ်ပန်းမျိုးစေ့ အမှန်ပေမို့
နေခြည်မပေါက် ရေမရောက်လည်း
ချစ်သစ်ပင်မှ သန္ဓေတည်ရ
သန္ဓေတည်ပန်း အစဉ်ပွင့်လန်း
မေတ္တာပန်းပွင့် ကြွေမလွင့်ခဲ့။
သစ္စာအညှာ မြဲခိုင်စွာနဲ့
ချစ်သဒ္ဒါထား ပင်ယံဖျားမှာ
ဖူးပွင့်ဝေဆာ ၀င့်ကြွားစွာဖြင့်
ရနံ့မွှေးကြူ ပန်းမဉ္ဖူတို့
နွေးထွေးခိုလှုံ ချစ်ရိပ်မြုံမှာ
မြူးတူပျော်ရွှင် လန်းဆန်းစွာပင်
ချစ်ပန်းဘ၀ မြေမခရ။
ညအလင်္ကာ
၂၀၁၀ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်
မြှားနတ်မောင် နှင့် ချစ်ပုံပြင် (၂)
ဆိုက်ကျဲဒိုးက ဒါနဲ့ဆင်တူပဲ ငါပေမယ့် ဒီကောင်လိုဘေးက အပိတ်တွေ အကန့်တွေမပါဘူး သိရအောင်ပြောပေးတာ။အားလုံးပွင့်တယ်။လေကောင်းလေသန့်တော့ ရတယ်။ မယုံရင် ညနေခင်းလေးမှာ ဆိုဒ်ကျဲဒိုးလေးနဲ့ ရန်ကုန်မြို့ကိုပတ်ကြည့်လိုက်....... :P |
မနေ့က၊ ဒီနေ့ နဲ့ မနက်ဖြန်
မနေ့က၊ ဒီနေ့ နဲ့ မနက်ဖြန်
လူ့ဘဝသက်တမ်း ဘယ်နှစ်ရက်ရှိသလဲ? မတူတဲ့လူတွေမှာ မတူတဲ့အဖြေတွေရှိကြပါတယ်။
ကျွန်တော့်အဖြေက လူ့ဘဝတစ်လျောက်မှာ ရက်(၃)ရက်ပဲရှိတယ်။ အဲဒီရက်တွေက မနေ့က၊
ဒီနေ့ နဲ့ မနက်ဖြန် ပဲဖြစ်ပါ တယ်။ ဒီသုံးရက်ကို သေချာအသုံးပြုတတ်ရင်
ဘဝတစ်သက်တာလုံး အဆင်ပြေကောင်းမွန်နေပါလိမ့်မယ်။
"မနေ့က" ဆိုတဲ့ရက်တွေ
ရှည်လျားလွန်းလှတယ်။
ရှည်လျားလွန်းလို့ ဘယ်နှစ်ရက်ရှိမှန်းတောင် မရေတွက်နိုင်ခဲ့ဘူး။ မရေတွက်နိုင်တဲ့
"မနေ့က" ပေါင်းများစွာက လူတစ်ယောက်ရဲ့သမိုင်းကို ဖွဲ့စည်းပေးခဲ့တယ်။ ဒါပေမယ့်
"မနေ့က" ဘယ်နှစ်ရက်ပဲရှိခဲ့ရှိခဲ့၊ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲခံခဲ့ရပါစေ၊
ဘယ်လောက်ပဲ ထူးကဲခမ်းနားခဲ့ပါစေ ဒါတွေအားလုံးဟာ အတိတ်ကိုယ်စားပြုတွေ
ဖြစ်သွားခဲ့ပြီး အနာဂတ်ကို ကိုယ်စားမပြုနိုင်ပါဘူး။
ဥပမာ-- မနေ့က ဆင်းရဲတဲ့လူတစ်ယောက်ဟာ မနက်ဖြန်မှာ သူဌေးဖြစ်ချင်ဖြစ်သွားနိုင်တယ်။
မနေ့က သူဌေးတစ်ယောက်ဟာ မနက်ဖြန်မှာ သူတောင်းစားဖြစ်ချင်ဖြစ်သွားနိုင်တယ်။
မနေ့က အလုပ်သမားတစ်ယောက်ဟာ မနက်ဖြန်မှာ ကုမ္ပဏီပိုင်ရှင်ဖြစ်ချင်ဖြစ်သွားနိုင်တယ်။
လောကမှာ အမြဲတမ်းအောင်မြင်မှုဆိုတာ မရှိနိုင်သလို အမြဲတမ်းရှုံးနိမ့်မှုဆိုတာလည်း
မရှိဘူး။ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုက သင့်တော်တဲ့အခြေအနေမှာ
လည်ပတ်ပြောင်းလဲနိုင်တယ်။
ဒါကြောင့် မနေ့ကဖြစ်ခဲ့သမျှ ဆင်းရဲဒုက္ခအတွက် တွန့်ဆုတ်မနေသင့်သလို မနေ့ကရခဲ့တဲ့
ခမ်းနားထည်ဝါမှု အတွက် ဂုဏ်ယူ ဝင့်ကြွားနေဖို့ မလိုဘူး။ မနေ့ကဖြစ်ခဲ့တဲ့
ဆင်းရဲဒုက္ခနဲ့ထည်ဝါမှုဟာဒီကနေ့ရဲ့လှေကားထစ်လို့မှတ်ယူပြီး သာယာ လှပတဲ့ မနက်ဖြန်ကို
အရောက်လှမ်းနိုင်မှာဖြစ်တယ်။
"ဒီနေ့" ရဲ့ရက်က
တိုတောင်းလွန်းတယ်။
ကိုယ့်ခြေဖဝါးအောက်ကနေ တစ်စက္ကန့်ချင်း နောက်ပြန်ကျုံ့ဝင်နေတယ်။ ဒီနေ့ဟာ
မနေ့ကဆင်းရဲဒုက္ခရဲ့ အဆုံးနဲ့ မနက်ဖြန် ရဲ့အောင်မြင်မှုစမှတ်ကို
ဆင့်ကမ်းဆက်သွယ်ထားတဲ့ နေရာဖြစ်တယ်။ ဆက်သွယ်တာကောင်းလေ မနက်ဖြန်က ခမ်းနားထည်ဝါလေဖြစ်တယ်။
ဒါကြောင့် "ဒီနေ့"မှာ "မနေ့က" အဖြစ်အပျက်အတွက်
လွမ်းဆွေးတမ်းတ၊ ပူဆွေးမနေသင့်ဘူး။ ပြီးခဲ့တာတွေ ပြီးခဲ့စေပြီး သုညကနေ အသစ်တစ်ဖန်
ပြန်စသင့်တယ်။ "ဒီနေ့"ရဲ့လုပ်ဆောင်မှုမှာ ကိုယ်ရောစိတ်ပါ နစ်ဝင်နေမှ
ကောင်းမွန်တဲ့အသီးကို ခံစားရမှာဖြစ်တယ်။
ဒီနေ့အလုပ်ကို မနက်ဖြန်ထိမရွှေ့ဘဲ ဒီနေ့ပြီးအောင်လုပ်သင့်တယ်။ တကယ်လို့
မနက်ဖြန်ကိုပဲ ရွှေ့နေခဲ့ရင် မနက်ဖြန်တွေက များလွန်းလှတယ်။ မနက်ဖြန်ရဲ့
မနက်ဖြန်တွေက လူ့ဘဝလမ်းဆုံးလည်းဖြစ်နိုင်တယ်။ နောက်တော့ ဒီနေ့လုပ်သင့်တဲ့အလုပ်က မနက်ဖြန်မှာ
ပျောက်ပျက်သွားတာမျိုးလဲ ရှိနိုင်တယ်။
"မနက်ဖြန်" ဘယ်လောက်ရှည်လျားသလဲ?
မနက်ဖြန်က ခမ်းနားထည်ဝါမလား? ရှုံးနိမ့်ကျဆုံးမလား? ဘယ်သူမှလည်း မသိနိုင်ခဲ့ပါဘူး။
မနက်ဖြန်က ကျွန်တော်တို့ကို အခွင့်အရေးတွေပေးသလို မနက်ဖြန်က ကျွန်တော်တို့ကို
စိန်ခေါ်မှုတွေပေးတယ်။
မနက်ဖြန်ရဲ့ မျှော်လင့်ခြင်းကလှပပေမယ့် မနက်ဖြန်ရဲ့လမ်းတွေတိုင်းက ဆူးခက်တွေနဲ့
ညီညာမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုက နေရောင်ခြည်လင်းလက်ပြီး
ပန်းပွင့်တဲ့မနက်ဖြန်တိုင်းက ကြိုးစားရုန်းကန်သူတိုင်းကို
ရင်ဖွင့်ကြိုဆိုနေမှာပါပဲ။
ဒါကြောင့်…………..
"မနေ့က" ရဲ့ သင်ခန်းစာနဲ့ အတွေ့အကြုံကို အသုံးပြုပြီး
"ဒီနေ့"ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေ။
"မနက်ဖြန်"တိုင်းရဲ့ စိန်ခေါ်မှုကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး လူ့ဘဝကို ကောင်းမွန်ပြည့်စုံတဲ့ အဆုံးသတ်ပုဒ်မနဲ့ အပြီးသတ်နိုင်ပါစေ။
ညအလင်္ကာ
၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်
မြှားနတ်မောင်နှင့် အချစ်ပုံပြင် (၁)
သမိုင်းဝင် ချီလီသတ္တုတွင်း
ချီလီသတ္တုတွင်းလုပ်သားများ ငရဲတွင်းမှလွတ်ပြီ
သြဂုတ်လ ၅ ရက်နေ့ကတည်းက မြေအောက် ၂၂၇၅ ပေကျော်ရှိ လိုဏ်အတွင်း ပိတ်မိနေခဲ့သော ချီလီသတ္တုတွင်း လုပ်သားများကို အောက်တိုဘာလ ၁၂ ရက်နေ့ ချီလီဒေသစံတော်ချိန် သန်းခေါင်းယံ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲ)မှ စတင်ခဲ့ရာ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲတွင် ၁၇ ဦးမျှ ကယ်ဆယ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၃၆ နာရီအတွင်း အားလုံး ကယ်ဆယ်နိုင်ရန် မျှော်လင့်ထားကြောင်း ထုတ်ပြန်ထားသည်။
ဆွဲထုတ်မှုမှာ တစ်ဦးလျှင် ၁၅ မိနစ်၊ ၁၆ မိနစ်မျှသာ ကြာမြင့်ပြီး ကယ်ဆယ်ရေးတွင်း အတွင်းမှ အောက်ခြေအထိရောက်အောင် သွင်းရသည်မှာ မိနစ် ၂၀ မျှ ကြာမြင့်သည်။ထို့ကြောင့် လူတစ်ဦး ကယ်ဆယ်ရန် ကြာချိန်မှာ စုစုပေါင်း တစ်နာရီဝန်းကျင် ရှိသောကြောင့် နောက်တစ်နေ့ကူးပြီး ဆက်လက် ကယ်ဆယ်ရဖွယ် ရှိနေသည်။ ကယ်ဆယ်မှု အဆင်ပြေသည်နှင့် ဆွဲထုတ်သည့် အချိန်ကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်သွားမည် ဖြစ်သည်။
ကယ်ဆယ်မှုကို ချီလီနိုင်ငံ တစ်လွှားမှသာမကာ ကမ္ဘာတစ်ဝန်းမှ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုများမှ တစ်ဆင့် စောင့်ကြည့်ခဲ့ကြသည်။
နိုင်ငံပေါင်း ၃၉ နိုင်ငံမှ မီဒီယာသမား ၁၅၀၀ ခန့် လာရောက် သတင်းယူခဲ့ကြပြီး မြောက်အမေရိကတိုက်တွင် သာမက၊ ဥရောပနှင့်အရှေ့အလယ်ပိုင်း ရုပ်သံသတင်းများကပါ တိုက်ရိုက် သတင်း ထုတ်လွှင့်ခဲ့ကြသည်။
ချီလံအလံတော်အရောင် အနီ၊ အဖြူ၊ အပြာ ချယ်ထားသည့် ပြွန်ဗူးဖြင့် ပထမဆုံး ထွက်လာခဲ့သူမှာ ဖလော်ရင်ကိုအဗာလိုစ် ဖြစ်ပြီး မိသားစုဝင်များနှင့် ချီလီသမ္မတို့က ကြိုဆိုခဲ့ကြသည်။အမှောင်ထုတွင်း ကာလရှည် နေခဲ့ရသောကြောင့် နေကာမျက်မှန်တပ်ဆင်ကာ ထွက်လာခဲ့ရသည်။
ဒုတိယမြောက် လွတ်မြောက်လာသူ အသက် ၄၀ အရွယ်ရှိ မာရီယိုဆီပူလ်ဗီဒါကမူ ကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် လာရောက်ကြည့်ရှုသူအားလုံးကို အံ့အားသင့် ပျော်ရွှင်စေခဲ့သည်။ အ၀ါရောင် အိတ်တစ်အိတ်ကို သူနှင့်အတူ ယူဆောင်လာခဲ့ပြီး အိတ်အတွင်းမှ စက္ကူစုတ်များကို လွှင့်ပစ်ပြီး မြေအောက်မှပါလာသော ကျောက်တုံးငယ်များကို ကယ်ဆယ်ရေးလုပ်သားများနှင့် တာဝန်ရှိသူများကို လက်ဆောင်အဖြစ် ပေးခဲ့သည်။
ကယ်ဆယ်ရေးပြွန်မှာ လူတစ်ကိုယ်စာသာ ပခုံးအထိရှိပြီး အောက်စီဂျင်ဘူးနှင့် အကာအကွယ်များ ၀တ်ဆင်ကာ လိုက်ပါရခြင်း ဖြစ်သည်။
ပထမဆုံးထွက်ရမည့်သူ ၄ ဦးမှာ ကြံ့ခိုင်မှု အကောင်းဆုံးသူများ ဖြစ်ပြီး နောက်လူများတွင် ကိုယ်ကာယနှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းနေသူများကို ဦးစားပေး ထွက်စေခဲ့ခြင်း ဖြစ်သည်။ ကယ်ဆယ်ပြီးသူများကို ဆေးစစ်မှု နှစ်နာရီကြာ ပြုလုပ်ပြီး ရဟတ်ယာဉ်ဖြင့် ၁၅ မိနစ်သာ သွားရသည့် ကိုပီယာပိုမြို့ ဆေးရုံသို့ ပို့မည်ဖြစ်သည်။
မိုင်းတွင်း လုပ်သားခေါင်းဆောင် လူးဝစ်ဇ်အယ်လ်ဘာတိုအူဇွာသည် နောက်ဆုံးမှ တက်ရန် စီစဉ်ထားသည်။ ကယ်ဆယ်ရေးအတွက် ရှေးဦးစွာ ကျွမ်းကျင်သူ မန်နျူရယ်ဂွန်ဇာလက် တွင်းအတွင်း ဦးစွာ ဆင်းသွားခဲ့ပြီး ကျွမ်းကျင်သူ စုစုပေါင်း ၅ ဦး အထိ တွင်းအတွင်းဆင်းကာ ကယ်ဆယ်ရေး စီမံရန် စီစဉ်ထားသည်။
ကယ်ဆယ်ရေး အစီအစဉ်မှာ ၁၇ ဦး ထုတ်ပြီးချိန်အထိ အဆင်ပြေနေဆဲ ဖြစ်သော်လည်း ကျောက်ပြိုကျခြင်းကဲ့သို့သော မတော်တဆမှုများ ဖြစ်ပေါ်လာပါက တွင်းဆို့သွားမည်ကို စိုးရိမ်ရသည်ဟု ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်သူ အန်ဒရေဆောက်ဂရက်က သတိပေးထားသည်။
ဤသတင်းဆောင်းပါးကို Eleven ဂျာနယ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။
ညအလင်္ကာ
ချစ်သူအတွက်
ငါဟာ...တခါတခါ
အဖော်မဲ့....ငှက်တစ်ကောင်အလား.....
တမ်းတခြင်း....အလွမ်းတေးကို
အဆက်မပြတ်...ငါ အော်ညည်းနေမိတာ
မင်းကြားနိုင်ပါ့မလား....။
ငါဟာ...တခါတခါ
ကာရံမဲ့....သံစဉ်တစ်ခုအလား
ချစ်ခြင်း...တေးသွားတစ်ပုဒ်ကို
တိုးတိုးလေး...ငါ ဆိုညည်းနေမိတာ
မင်းကြားနိုင်ပါ့မလား.......။။
ဆုံဆည်းခြင်းကို......မျှော်လင့်ခွင့်မရှိတဲ့...ငါ..
တမ်းတခြင်း.....အလွမ်းတေးကိုတော့...
အထပ်ထပ်ဆိုညည်းခွင့်ရှိတယ်.....။။။
ပိုင်ဆိုင်ခြင်းကို...ဖမ်းဆုပ်ခွင့်မရတဲ့...ငါ..
ပေးဆပ်ခြင်း....အချစ်တစ်ခုကိုတော့
ရင်ထဲမှာ...ထာဝရ....သိမ်းဆည်းခွင့်ရှိတယ်.......။။။။
မင်းကိုချစ်ခွင့်ရရုံနဲ့…ကျေနပ်နေတဲ့ငါဟာ
ဘာကိုမှလဲ မမျှော်လင့်ချင်တော့ပါဘူး…
ဒါပေမယ့်…….
အသက်မဲ့နေတဲ့....ငါ့ရဲ့ အိမ်မက်ပန်းချီကားတစ်ချပ်...
အသက်ဝင် တောက်ပလာအောင်…
ရေးဆွဲခွင့်တော့…ရချင်တယ်…....။။။
ညအလင်္ကာ
၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်
" အလုပ် ဟူသမျှ ဂုဏ်ရှိစွ "
" အလုပ် ဟူသမျှ ဂုဏ်ရှိစွ "
ပြောချင်တာက " အလုပ် ဟူသမျှ ဂုဏ်ရှိစွ " ဆိုတဲ့ကိစ္စပါ။အလုပ်လုပ်တဲ့လူဟာ အပြစ်တင်စရာ ရှိလာရင်လည်း ခံရတယ်။ ကဲ့ရဲ့စရာပေါ်လာရင်လည်း ခံရတယ်။ ပင်ပန်းစရာ ရှိတော့လည်း ဒီလူပဲ။
ဒါဖြင့် ..... အလုပ်လုပ်တဲ့လူဟာ ဘာဂုဏ်ရှိသလဲ။
ဒီနေရာမှာလည်း " ဂုဏ် " ဆိုတာ ဘာလဲ ? လို့ထပ်ပြီးမေးစရာ ရှိလာပြန်ပါတယ်။
လူအတော်များများကတော့ ဂုဏ်ဆိုတာ ကြွားဝါစရာ တစ်ခုလို၊ လူလုံးပြစရာ အဆင်တန်ဆာတစ်ခုလို ...၊
နာမည်ကျော် ကုန်ပစ္စည်း အမှတ်တံဆိပ်လို သဘောထားနေကြတာပါ။
သင့်အနေနဲ့ သဘောမတူရင် ငြင်းခုံနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော် ဥပမာလေးတစ်ခု ပြောပြပါရစေဦး။
အရပ်ထဲမှာ သူသူငါငါ ပြောနေတဲ့ စကားလေးတစ်ခွန်းပါ။
" ကျွန်မ သမီးလေးကတော့ ဘွဲ့ရပြီးပြီ။ မိန်းကလေးဆိုတော့တခြားအလုပ်လည်း မသင့်တော်တာနဲ့ ကျောင်းဆရာမပဲ ၀င်လုပ်ခိုင်းလိုက်တော့တယ်။ ကျောင်းဆရာမဆိုတော့ဂုဏ်ရှိတာပေါ့” ဒီစကားအတိုင်း အတိအကျ မဟုတ်တာတောင် အလားတူအဓိပ္ပာယ်ရတဲ့ စကားမျိုးတွေကို သင့် ပတ်ဝန်းကျင်မှာလည်း ကြားကောင်းကြားဖူးပါလိမ့်မယ်။
" ဂုဏ်ရှိဖို့ " ဆိုတဲ့ ရည်ရွယ်ချက်ကို အဓိကထားပြီးကျောင်းဆရာမအလုပ်ကို ရွေးချယ်ခဲ့တဲ့ မိန်းကလေးဟာ တကယ်တမ်း " ဆရာမ " .....ဖြစ်လာတဲ့အခါ တာဝန်ကျေပွန်နိုင်ပါ့မလား ? ကျောင်းသား တွေအပေါ်တကယ်စေတနာထားနိုင်ပါ့မလား ? သူ့ဘ၀ကို " စာသင်ကြားခြင်း " အလုပ်ထဲ ဘယ်လောက်ထိနစ်မြုပ်နိုင်ပါ့မလဲ .....
ဘယ်လောက်ထိအနစ်နာခံပြီး စိတ်ပါလက်ပါအားသွန်ခွန်စိုက် လုပ်ကိုင်နိုင်ပါ့မလဲ ..... ။
နိုင်ငံတစ်နိုင်ငံအတွက် " ကျောင်းဆရာမ " တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ သဘောမပေါက် နားမလည်ဘဲနဲ့ " ဂုဏ်ရှိရုံသက်သက် " ကျောင်းဆရာမ ၀င်လုပ်တဲ့ မိန်းမတစ်ယောက်ကြောင့် ရာပေါင်း ထောင်ပေါင်းများစွာသောကျောင်းသားတွေရဲ့ ဘ၀လမ်းကြောင်းမှာ နစ်နာစရာဒဏ်ရာတွေရသွားမှာကို တွေးကြည့်ရင် ကြောက်စရာ ကောင်းပါတယ်။
ကျွန်တော်တို့ဆီမှာ လူအတော်များများဟာ " အလုပ် " ကို ရွေးချယ်ရာမှာ အ၀တ်အစားဝယ်သလောက်တောင် ဂရုမစိုက်ပဲ ဖြစ်ကတတ်ဆန်း ရွေးချယ်ကြတာကို သတိထားမိပါတယ်။
ကိုယ်လုပ်မယ့် အလုပ်ရဲ့ သဘောသဘာဝက ဘာလဲ ?
ကိုယ့်ပင်ကိုယ်စိတ်နေ ကိုယ်ထားသဘာဝနဲ့ ကိုက်ညီရဲ့လား ?
ဒီအလုပ်အပေါ်မှာ ကိုယ်ဘယ်လောက်ထိ စေတနာထားအားစိုက်ပြီး လုပ်နိုင်မှာလဲ ?
ဒီအလုပ်အတွက် ကိုယ့်ဘ၀တစ်ခုလုံးကို နှစ်မြုပ်နိုင်ရဲ့လား ? .... စသဖြင့်အပြန်ပြန်အလှန်လှန်စဉ်းစားသင့်ပါတယ်။
(ကိုယ်နဲ့ အလုပ်နဲ့ နေရာလွဲနေပြီဆိုရင်.....သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်စလုံးမှာ နစ်နာစရာတွေအများကြီးဖြစ်လာမှာကိုး )
ကျွန်တော့် သူငယ်ချင်းမိန်းကလေးတစ်ယောက်ဆိုရင် ဘွဲ့ရပြီးတဲ့အပြင် ဒီပလိုမာသင်တန်းတွေတက်၊
ကွန်ပျုတာ၊ စာရင်းကိုင်၊ အင်္ဂလိပ်စာ၊ ပြင်သစ်စာ၊ တရုတ်စာ၊ စီမန်ခံခွဲမှု ..... စတဲ့ ဘာညာဘာညာ
သင်တန်းတွေ အကုန်တက် အောင်လက်မှတ်တွေ တစ်ပြုံကြီး ကိုင်ထားပါတယ်။
ပြီးတော့ ..... အလုပ်လစ်လပ်ကြောင်းကြော်ငြာမှန်သမျှကို စုံတကာစေ့အောင် လိုက်လျှောက်တော့တာပါပဲ။ အဲဒီလိုဦးတည်ချက် ပီပီပြင်ပြင်မရှိပဲရွေးချယ်ထားတဲ့ အလုပ်တစ်ခုကနေ ဘယ်လို " ဂုဏ် " မျိုးရနိုင်မှာတဲ့လဲ ?
အ၀တ်အစား လှလှပပ ၀တ်ပြီး ချွေးမထွက်ရပဲသက်သောင့်သက်သာ နေကောင်းနေရပါလိမ့်မယ်။
ဒါပေမယ့်အဲဒါဟာ ဂုဏ် မဟုတ်ပါဘူး။ လစာငွေကောင်းကောင်း ခံစားခွင့်ကောင်းကောင်းရချင်ရပါလိမ့်မယ်။
အဲဒါဟာလည်း ဂုဏ် မဟုတ်ပါဘူး။ အဆင်တန်ဆာတွေပဲ ဖြစ်ကြပါတယ်။
ဒါဖြင့် ..... " ဂုဏ် " ဆိုတာဘာလဲ ???
* (၁) ကျွန်တော်တို့ဟာ ( တခြားတိုက်တွန်းမှုတွေ၊ သွေးဆောင်ဖြားယောင်းမှုတွေမပါပဲ ) ကိုယ်စိတ်ပါလက်ပါ အားသွန်ခွန်စိုက်နဲ့စေတနာအပြည့်လုပ်ဖို့ ရည်ရွယ်ပြီး " အလုပ် " တစ်ခုကို သိစိတ်ရှိရှိ ရွေးချယ်ရမယ်။
* (၂) အဲဒီလိုရွေးချယ်လုပ်ကိုင်နေရင်းကပဲ ... ဝေဖန်မှုတွေ၊ ကဲ့ရဲ့မှုတွေကို ခံရမယ်။ အပြစ်ဒဏ်တွေကိုလည်း ခံရမယ်။ ပုံပြင်ထဲကနွားလို ပင်ပန်းစရာရှိရင်လည်း မညည်းမညူခံနိုင်ရည်ရှိရမယ်။
* (၃) အဲဒီလို ခံနိုင်ရည် ရှိခြင်းသည်ပင်လျှင် " လူသား " ဆိုတဲ့မှတ်ကျောက်တင် စစ်ဆေးခြင်းကိုဖြတ်သန်း အောင်မြင်သော " ဂုဏ် " ဖြစ်တယ် ..... လို့ ပြောပါရစေဗျာ
၂၀၁၀ခုနှစ်၊အောက်တိုဘာလ(၁၄)ရက်။
” အချစ်ကို တန်ဖိုးထားပါ”
တော့ ကိုယ်တိုင်က ဒီအရာကိုလေးလေး နက်နက်မခံစားတတ်သေးတဲ့ အချိန်ပါ။ သူပြောသမျှ စကားလုံး တွေက ကိုယ့်အတွက်တော့ ဟာသလိုပဲဖြစ်ခဲ့တယ်။ သူ့နောက်ကွယ်မှာ “ ရူးပါတယ်ကွာ” ဆိုပြီးတော့ ဟား တိုက် ခဲ့တယ်။ အဲဒီပုဂ္ဂိုလ် တကယ်ခံစားနေရတယ်ဆိုတာတော့ သေချာပါတယ်။ သူနဲ့ ငယ်ငယ်လေးထဲက ချစ်ခဲ့ကြိုက်ခဲ့တဲ့ အမျိုးသမီးက8888 နဲ့ပတ်သတ်ပြီး တတိယနိုင်ငံတစ်ခုကိုရောက်နေပြီ ဆိုတာလည်း သူပြော ပြလို့သိခဲ့ရပါတယ်။
ဒီကပုဂ္ဂိုလ်ကတော့ သူနဲ့တွေ့ရဖို့ အမျိုးမျိုးကြိုးစားနေတယ်။ သူငယ်ချင်းအေးဂျင့်တွေဆီလာပြီး အဝေးက အမျိုးသမီးနဲ့ တွေ့နိုင်မယ့်နည်းလမ်းတွေ၊ အဆက်အသွယ်ရနိုင်မယ့်နည်းလမ်းတွေလာမေးရှာတယ်။ တကယ် လည်း သနားစရာကောင်းပါတယ်။ အစွဲအလန်း ကြီးတဲ့သူဆိုပြီး အပြစ်တင်လို့လဲ ရပါတယ်။လူတိုင်းမှာ သူ့အ ယူ အဆနဲ့သူဆိုတော့ ခံစားမှုအပိုင်းမှာလည်း ကွဲပြားကြမှာပါ။ တစ်ချို့ကတော့ one go two come ဆိုတာမျိုး လုပ်တတ်ကြတယ်။ ဒီလိုပုံစံတွေက ယနေ့ခေတ်မှာ ပိုပြီးတော့တောင် တွင်ကျယ်လာပါပြီ။ တစ်ချို့တွေ မှာကြတော့လည်း ဒီလိုလွယ်လွယ်လေး မစွန့်လွှတ်နိုင်ကြတဲ့ အတွက် သစ္စာတွေ မေတ္တာတွေ ရင်မှာပိုက်ပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်တယ်ဆိုတဲ့ သာဓကတွေတောင်ရှိခဲ့ပါတယ်။
အချစ်ကို မခံစားတတ်သေးတဲ့ အရွယ်မှာ သူများပြောတာတွေကို ဟာသလုပ်ခဲ့မိတဲ့ ကံကြောင့်များလား? ကျွန်တော်လဲ အချစ်ကံတော်တော်ခေပါတယ်။ အချစ်ကို ဘယ်လိုမျိုးအဓိပ္ပာယ်တွေဖွဲ့ ပြီး ချဉ်းကပ်ရ မယ်ဆို တာလည်း နားမလည်ဘူး။ ချစ်မိတယ် ဆိုတာလောက်ပဲသိတယ်။ အဲဒီတော့ ချစ်မိပါတယ် လို့ပဲတည့် တိုးပြော တယ်။
အချစ်အတွက် ဆက်လက်စဉ်းစားခန်းဝင်ကြည့်တော့ တော်တော်မလွယ်တဲ့ အချစ်ပဲ။အချစ်နဲ့ စတင်တယ်။ အိမ်ထောင်ပြု ။ ကလေးတွေရ။ နေရေးထိုင်ရေးပူရ။ စားရေးသောက်ရေးပူရ။ အော် အဲဒါကြောင့်လည်း သူတို့ လေးတွေက စဉ်းစားရမယ်ဆိုတဲ့ စကားလုံးကိုအသုံးပြုနေကြတာကိုး။ သူတို့မှန်တယ်။ ရူးမိုက်တဲ့ ချစ်လူကြမ်း ကြီးတွေ မှားတာပေါ့ဗျာ။
အချစ်တစ်ခုကို တကယ်လေးလေးနက်နက်ဖြစ်စေချင်ရင် တကယ်မလွယ်တဲ့ ကိစ္စပါ။တကယ်ချစ်တဲ့သူတွေ ထမင်းရည်ပူအတူသောက်၊ မယ်တစ်ထမ်းမောင်တစ်ရွက် ( အယ်.. ဟုတ်ပါဘူးမောင်တစ်ထမ်း ၊ မယ်တစ် ရွက်နော်) ဆိုတာက ဒီခေတ်မှာ သိပ်မသုံးကြတော့ဘူး။တကယ်တမ်းကြတော့လည်း အဲဒီ ထမင်းရည်ပူ အတူသောက်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။ တကယ့်အိမ်ထောင်ရေးတွေမှာ မပြည့်စုံတဲ့ အတွက် ဆူညံပွက် လောရိုက်နေတဲ့ မိသားစုတွေဘ၀ဟာ တကယ်တရားရဖို့ကောင်းပါတယ်။
စဉ်းစားကြပါ။ ကိုယ်လိုချင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ချစ်သူတစ်ယောက်ကို ရရှိနိုင်ကြစေ။ ပျော်ရွှင် သော အချစ်၊ သာယာသော အချစ်၊ အနှစ်တစ်ရာတိုင်မယ့် အချစ်စစ်အချစ်မှန် ဆိုတာတွေနဲ့ တွေ့ရှိနိုင်ကြ ပါစေ။ ကျွန်တော်ကတော့ ရူးရူးမိုက်မိုက် ချစ်မိနေပါသည်။ ။
'အသိတရား'
ရင်ထဲမှာ ကြည်ကြည်နူးနူးလေး ခံစားရပါတယ်ဗျာ
ခလေးလေးကြည့်ရတာ စကားတောင် ပြောတတ်အုံးမဲ့ပုံတောင်မပေါ်သေးပေမဲ့...
သူလေးရဲ့ အသိတရားနဲ့ ဦးနှောက်သေးသေးလေးထဲမှာ ကိန်းအောင်းနေတဲ့.......
အဲ့လိုကိန်းအောင်းနေရအောင်လည်း သူ့ပတ်ဝန်းကျင်က လူကြီးသူမတွေရဲ့ ...
ပြုမူပြောဆိုနေထိုင်မူတွေ ဘာသာတရား ကိုင်းရှိုင်းမူတွေကိုပါတခါထဲ..
အားလုံ့းကို စပ်ဆပ်တွေးကြည့်သွားလို့ရအောင်ကို ဓါတ်ပုံလေးက ညွှန်းနေတာပါပဲ...
အဲ့တာကြောင့်....
ခလေးတွေရှေ့မှာ သူငယ်သေးတယ်..
ခလေးလေးပဲ ...
ဘာမှနားလည်မှာမဟုတ်ဘူးဆိုပြီးတော့ အပြုအမူ အပြောအဆိုတွေ..
အဆင်မခြင်မလုပ်ကြဖို့ ဒီပုံလေးက သက်သေပြနေတာပါပဲ
အမျိုး ဘာသာ သာသနာဆိုတာ ကြီးသူ ငယ်သူ မည်သူမဆို
စောင့်ထိန်းကာကွယ်ရမဲ့တာဝန်ရှိပါတယ်ဆိုတဲ့အကြောင်း။။
သူငယ်ချင်းဆိုတာကို သင်ဘယ်လိုခံယူထားပါသလဲ?
အလင်္ကာည
အာကာတစ်ခွင်...တိမ်လွှာကင်းစင်
ပြည့်ဝန်းသာစွ....စန္ဒာယုန်ရှင်
မိုးယံနန်းတွင် ကြယ်စင်ရံခ
တင့်ရွှန်းလှသည် ညမွှေးပန်းနံ
ကြိုက်လှိုင်ကြသည်. ညရဲ့ပန်းချီ
လင်္ကာတေးဖွဲ့ ဆိုဘူးသည်။
တစ်ချိန်ကဆို ..သည်လိုညမျိုး
ချစ်သူချင်းဆုံ အပြုံးချင်းယှက်
နွေးထွေးခဲ့တဲ့ .အနမ်းပွင့်မျာုး
အကြင်နာစကား..ပြောခဲ့ဘူးသည်
ငယ်ချစ်ဦးရဲ့ ရင်ခွင်ထဲမှာ
မှေးစက်ခိုဝင်.. ချစ်ခြင်းပြိုင်ခဲ့သည်.
ခုတော့လည်းကွယ်...အလွမ်းနယ်မှာ
သာသည့်ညမှာ ကိုယ်တစ်ယောက်တည်း
ရှိုက်သံပင့်သက် ညဥ့်နက်လည်မှာ
တမ်းတမှန်းဆ လွမ်းတဲ့ညတွေ
အလင်္ကာရေး လွမ်းကဗျာရေးဖွဲ့ပါလေပြီ ။
“ကဗျာကြမ်း”
“လူ့တန်ဖိုး”
ဗိုလ်ချုပ်ပြောခဲ့ သမျှ
လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကိုဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ခြေဖျားမှာကပ်နေတဲ့ ခြေမှုန့် လောက်ပဲလို့ ကျုပ် မှတ်ထားပါတယ်။( ၂၀ . ၁၀ . ၁၉၄၆ ) ကျားနဲ့ရင်ဆိုင်တွေ့နေ ရတဲ့အခါမျိုးတွင်တစ်ဦး ကိုတစ်ဦးစိတ် ကောက်ပြီးထိုင်နေ၍ မဖြစ်သကဲ့သို့ဗမာ့သေရေး ရှင်ရေးကြီးနှင့်ရင်ဆိုင်တွေ့နေ ရသည့်အခါတွင်လည်းမကျေနပ်မှုအသေး အဖွဲ့က လေးတွေကို ရိုးမယ်ဖွဲ့၍ မနေကြပါနှင့်။
( ၇ . ၃ . ၁၉၄၇ အသံလွှင့်ချက် )
(၁၈ . ၁၁ . ၁၉၄၅ )
( ၂၈ . ၃ . ၁၉၄၇ အောင်လံမြို့ )
လူတွေကတင်မြှောက်ပြီးလူတွေရဲ့အကျိုးကို လုပ်တဲ့လူတွေရဲ့ အစိုးရသာလျှင်ဒီမိုကရေစီ ဖြစ်နိုင်မယ်။
( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ဘူး …
တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊တိုင်းသူပြည်သားလူထုညီညွတ်ရေး၊ အဲ့ဒီညီညွတ်ရေးနှစ်ခုမ ရှိသမျှကာလပတ် လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရ လုပ်လုပ်ဖာသယ် တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။ ဒီတော့ကာဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။အဲ့ဒါ အင်မတန်အရေးကြီးတယ်။ ဗမာတွေစိတ်ထက်သ လေးဘာလေးနဲ့တ လွဲဆံပင် ကောင်း နေကြတယ်။ဗမာပြည်လွတ်လပ်ရေးရအောင်လုပ်ရ မယ့်တိုက်ပွဲမျိုးမှာ အသုံးမချဘူး။ ဗမာပြည်ပြန်လည် ထူထောင် ရေး မှာ အသုံးမချဘူး။ဗမာ၊ ဗမာအချင်းချင်း ချဖို့မှာလုပ်ချင်တယ်။ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုး မရှိဘူး။ တိုင်းသူပြည်သားဆန္ဒအရ မဟုတ်ပဲတိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီးမင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင်အများပြည်သူတို့ ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်ပဲ ဖက်ဆစ်ဝါဒဆင် တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကိုမရနိုင်တော့ဘူး။ ဒါကြောင့် ကျနော် တို့ဟာ ဒီမိုကရေစီကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင်ကြိုး စားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကို သာကျနော်တို့ ရည်ရွယ်ရမယ်။
( ၁၉၄၅ သြဂုတ်လ )
ဗမာတွေလမ်းနှစ်ခွ ရောက်နေပြီ။ တွေဝေနေလို့ မဖြစ်တော့ဘူး။ချီတုံချတုံဖြစ်နေလို့ မဖြစ်တော့ဘူး။ကိုယ်ယုံကြည်တာကို မလုပ်ရလို့ မဖြစ်တော့ဘူး။နိုင်ငံရေးလုပ်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှဖြစ်မယ်။ကျနော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ်တော့မယ်။ကျနော်တို့တစ်တွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီး ချီတုံချ တုံဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။
တစ်တိုင်းပြည်လုံးကြီး ပွားစေချင်ရင်လူအား၊ငွေအား ပစ္စည်းအားနဲ့စုပေါင်းပြီးအင်တိုက် အားတိုက်လုပ်နိုင်မှ အကျိုးခံစား ခွင့်ရှိကြ မှာပဲ။ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတစ်ခြား အကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။
( ၁၇ . ၄ . ၁၉၄၇ မြန်မာနှစ်သစ်ကူး၊ အသံလွှင့်ချက် )
ကျုပ်တို့ဟာဘယ်လိုလူစား တွေလဲ၊ရာဇ၀င်မှာအရေးခံမယ့် လူစားမျိုးတွေလား၊ရာဇ၀င်မှာအဆဲခံမယ့် လူစားမျိုးတွေ လား ဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိပါလိမ့်မယ်။
ပဒေသာပင် ပေါက်အောင်ဆိုရင် ကျနော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာခင်ဗျားတို့ နားလည်စေချင်တယ်။ ကျနော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့ ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ် ဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျော့တမ်း ဇွဲနဲ့ လုပ်သွားရမယ်။ အကောင်းဆုံး၊အလွယ်ဆုံး၊ အအေးဆုံး ဆိုတဲ့နည်းကို ကျနော်တို့က ပထမရှေးဦးစွာ ကျနော်တို့ရှာပြီးလုပ်မှာပဲ။ သို့သော်လည်းပဲ သည်လိုလုပ်လို့ မရဘူးဆိုရင် အေးအေးနဲ့မရရင်ရနိုင်တဲ့နည်းကို လုပ်ရမှာပဲ။ ခင်ဗျားတို့ဟာ လွတ်လပ်ရေး ကိုလိုချင်ရင် လွတ်လပ်ေ၇းကို ရနိုင်လောက်တဲ့စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင်လွတ်လပ်ရေးကို ရနိုင်တဲ့ညီညွတ်မှုကို ထိန်းသိမ်းကြပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ထူထောင်မှုကို လုပ်ကြပါ။ အဲ့ဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကိုခံစား၊ စံစား စေချင်တယ် ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းကခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတေ၊ွ စောက်ကျင့်တွေကိုပြင်ကြဖို့လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။
(ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ နှင့် ပညာရေး အမြင်)
ပညာဆိုသည်မှာ စာအုပ်စာတန်းဘတ်၍ စာသိမှုကို ပညာဟု မဆိုပေ၊ ပညာသည် အတိုင်းအဆမထင် အလွန် ကျယ်ပြော နက်နဲလှပေသည်၊ ကမ္ဘာရှိ စာအုပ်အားလုံး ပင်လျှင် ပညာ အားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး ၌ ကျွနုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲ ရောက်သည်အထိ ပညာ သင်သားများ ဖြစ်နေ ကြစေသည်။ ပညာ သင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ၊ ပညာတတ် သူသည် လောကရှိအရာရာကို အခွင့် အလမ်းလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း မိမိဥာဏ် အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ် တို့ကို၎င်း (Emotion of the Education) ပြုပြင် ပြုစု စီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။
ပညာသည် စာအုပ်များထဲတွင်သာ ရှိသည်မဟုတ် စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူ အဆများ ကိုလည်း တိုးတက် စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ် စေရမည်။ ရာဇဝင်သိရုံသာ မဟုတ် ရာဇဝင်ကို ဖန်တီး နိုင်စေရမည်။ လောကဓါတ် ပညာကို သိရုံသာ မဟုတ်၊ လောကဓါတ် ပညာကို တိုးချဲ့နိုင်စေရမည်။ ပဋ္ဌမ ပညာကို သိရုံမျှသာ မဟုတ်၊ မြေသစ် ရေသစ် တော တောင် တို့ကို ရှာဖွေ စုံစမ်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ် အကျဉ်းမျှပင်တည်း။
ပညာသည် ကာလ ဒေသ ပရောဂ နှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည့် ပညာတွင် သညာ လည်း ပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်၊ ဥာဏ်ချည်းသာ တိုးတက်၍ သညာ မရှိပါမူလည်း ဤမျှ ပိုမို ဆန်းကြယ် အပြောကျယ် လှသော ခေတ်သစ် အကြောင်းကို နားမလည်နိုင်ပေ၊ လောကဓါတ် ပညာကို မတတ် မသိဘဲ လောကဓါတ် ပညာဥာဏ် ကိုသာရလျှင် လောကဓါတ် ပညာ၏ တန်ဘိုးကို ဒင်ပြည့် မသုံးနိုင်ပေ။
တိုင်ပြည် အခြေအနေ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည် ထောင်ခြင်း ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။
လူတယောက်၏ သက်တမ်းတွင် အစ ပဋ္ဌမက သိမြင်လာသော စိတ်နေ စိတ်ထား ဝါဒ တို့သည် အမှန်ချည်း မဟုတ် ပြုပြင် ပြောင်းလဲ ရမည်သာတည်း။
လူတဦး၏ တဘဝတွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲ ဖေါက်ပြန် ဖြစ်ခြင်း ပေတည်း။ ဝါဒ ပြောင်းလဲ မှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်း ပေတည်း။
သမာဓိဆိုသည်မှာ လောက၏ အကောင်း အဆိုး အကျိုးအပြသ် သနစ်စုံကို ပိုင်းခြား ထင်ထင် သိမြင်၍ ဆင်းရဲလည်း
ဝမ်းမနည်း ချမ်းသာလည်း ဝမ်းမသာ ပကတိ စိတ်ထား ဥာဏ် အမြင်အရ လူချီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို
မထိတ် မလန့် တသမတ်တည်း တည်ညိမ်စွာ ရှိခြင်းကို ဆိုလေသည်။
လှေနံဓါးထစ်ဆိုသော အလုပ်။ အပြော၊ အတွေးတို့မှာ ပညာ၏အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)
မျိုးဆက်သစ်၏ ပညာရေး
"ချစ်ရသောသူသိပါစေ"
ရင်ခုန်ခံစား အချစ်များနဲ့
တဒင်္ဂပေမဲ့ ပြင်မရလေပြီ
ရွှေရင်မှာဖို လှိုက်လှိုက်ခုန်လို့
ရင်တွင်းသံသာ တေးကဗျာကို
တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ မင်းအတွက်……။
တူညီခံစား တုန့်ပြန်စကား
ဖွင့်ဟနှူတ်ဖျား ခွန်ခြွေသံများ
နှလုံးအိမ်ဝယ် သိမ်းထားချင်တယ်
အသည်းထဲမှာ နွေးထွေးစွာနဲ့
ရာသက်တိုင်မြဲ မယိုင်လဲပဲ
နှောင်ကြိုးရစ်ချည် တေးပန်ချီကို
တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ မင်းအတွက်…..။
နှစ်ဦးနားလည် ချစ်ခြင်းဖလှယ်
တန်ပြန်ယဉ်ကျေး အပြုံးနဲ့
အချစ်နှစ်ခု ပေါင်းဆုံပြုဖို့
မုသားမပါ တေးလကာင်္ကို
တူညီတွဲလျက် ကိုယ်ရေးစပ်ခဲ့
ချစ်ရသောသူ မင်းအတွက်……။
"အလုပ်က လူကို လိုက်ရှာသည့်နေရက်များ”
“အိမ်တမ်းချင်း”
နေ့တစ်နေ့စ ထွက်ပြူလာတိုင်း ဖြူစင်တဲ့အမေ့အိမ်လွမ်းတယ်
အရာရာကလေးလို
ပူဆာလို့ရရင်လည်းကောင်းသား
အခုတော့ရောက်ရာအရပ်
အလုပ်မှာ ကျွန်တော်မလုပ်တဲ့အမှားအတွက်
တစ်ခါရံအပြောခံရတိုင်း
ဘာလုပ်လုပ် “မှန်” ခဲ့တဲ့
အိမ်ကိုလွမ်းတယ်
ရိုးရှင်းတဲ့ မနက်မှာ
အမေ့အပြုံး နဲ့ ကော်ဖီတစ်ခွက်
ငါ့မနက်အတွက်အချိုမြိန်ဆုံးနေ့ရက်တွေ
ညဘက်ခိုနားရာမဲ့တိုင်း
အခန်းထဲ ဒီနေ့ထိလာချော့သိပ်ဆဲ
အမေ့ရဲ့ ရင်ငွေ့ သိပ်လွမ်းတယ်
ကြာလာတော့လည်း
ဘ၀အတွက်ရည်မှန်းချက်တွေနဲ့
အမေ့အိမ်လေးကိုလွမ်းရင်းဝေးရင်းဘဲ
ငါ့မျက်ရည်တွေတောင် .................
ခန်းခြောက်ဖို့တောင်မကျန်တော့ဘူး
လေပူတစ်ချက် မှုတ်ထုတ်ရင်း
အိမ်ကိုပြန်ချင်တယ်……………..
“သူငယ်ချင်းအချစ်”
ခင်မင်မှုတွေ တစ်စစတိုးလာလို့
အပြုံးတွေမှာ တစ်ငွေ့ငွေ့တွေ့နေတဲ့ မြတ်နိုးမှုတွေကို
မမြင်ချင်ယောင်ဆောင်ရင်း
မျက်စိမှိတ်ပြီး.........နေလိုက်တော့မယ်
သူငယ်ချင်း...လိုပဲ ဆက်ခင်ချင်လို့.........
×××××××××××××××××××
“သူငယ်ချင်းအချစ်”
သူ၏မေတ္တာ.. ပန်းနွယ်အလား
ယိမ်းကစားလည်း ..ရင်မှာသိုဝှက်
မဖြည့်စွက်ပါ ..ခင်မင်လျှက်သာ
နေတော့မည်။
ကွက်လပ်မေတ္တာ ဖွင့်ဟလာလည်း
ရင်မှာထိန်ဝှက် သိလျှက်နဲ့ပင်
အသိခက်သည်သာ ..သူငယ်ချင်းအချစ်
ရှိနေမည်။
ဟန်ဆောင်ခြင်းတွေ..ဖုံးကွယ်ထားရှိ
သည်သို့သည်သာ တိတ်တိတ်ဖြေ၍
သူငယ်ချင်းလိုပဲ..ဆက်၍ခင်မည်
သူငယ်ချင်း..အချစ်နဲ့
ချစ်နေမည်
+++++++++++++++++++++++++++++++++++++++++++++++++
“သူငယ်ချင်းအချစ်”
ငယ်စဉ်တောင်ကျေး ကလေးဘဝ
မင်းနဲ့ငါနဲ့ မယိုင်မလဲ
ခိုင်မြဲမေတ္တာ သူငယ်ချင်းထက်
မပိုခဲ့ပါ သူငယ်ချင်း
အရွယ်ရောက်၍ ပျံသင်ခါစမှာ
တို့များစိတ်တွင် ခိုဝင်လာသည်
စိတ်တွင်လှုပ်ခတ် စည်းနယ်ပိုင်းခြား
ထိုစိတ်များလည်းမရှိပါ
သန့်စင်မေတ္တာ ရင်မှာအမြဲ
သိုသိပ်ထားမည် ၀န်းကျင်မှကွယ်
ဝေဖန်စကား ရှိနေငြားလည်း
မဖောက်ပြန်ပါ တို့မေတ္တာတွေ
ငယ်စဉ်ကလိုပါ သူငယ်ချင်း
ပူလောင်စိတ် တိတ်တခိုးနဲ့
ရင်ထဲမရှိ.. ခင်မင်စိတ်ထား
ပြောင်းမသွားဘဲ သူငယ်ချင်းလိုပဲ
ဆက်၍ခေါ်နေမည်
ဘ၀ဆုံးထိ သက်သေတည်
သူငယ်ချင်းအဖြစ်နဲ့ ချစ်နေမည်။