RSS

မင်းကို ငါ လိုအပ်​တယ်​ ( I need you)

မင်းကို ငါ လိုအပ်​တယ်​ ( I need you) ကဗျာဆရာတစ်​​ယောက်​ဟာ လှပတဲ့ ကဗျာ​တွေကိုဖန်​တီးဖို့ စိတ်​ကူးခံစားချက်​​တွေ လိုအပ်​သလို ငါလည်း မင်းကိုလိုအပ်​တယ်​........ Just as a poet needs inspiration to write a masterpiece, I need you....... ပန်းချီဆရာတစ်​​ယောက်​ဟာ လှပတဲ့ပန်းချီကား​တွေကို ဖန်​တီးဖို့ အ​ကြောင်းအရာ​တွေ လိုအပ်​သလို ငါလည်း မင်းကိုလိုအပ်​တယ်​ Just as an artist needs a subject for his work of art, I need you....... ဆရာတစ်​​ယောက်​ဟာ ကြီးကျယ်​မြင့်​မြတ်​မှုကို ဖန်​တီးလွှမ်းမိုး​ဖော်​​ဆောင်​ဖို့ တပည့်​တစ်​​ယောက်​ လိုအပ်​သလို ငါလည်း မင်းကိုလိုအပ်​တယ်​ ...... Just as a teacher needs a pupil to mold into greatness, I need you....... သီချင်း​ရေးဆရာတစ်​​ယောက်​ဟာ ထာဝရရှင်​သန်​​နေမယ့်​ ​​တေးသွားေ​​​တွကို ဖန်​တီးဖို့ အ​ကြောင်းအရာ​ကောင်း ခံစားချက်​​တွေ လိုအပ်​သလို ငါလည်း မင်းကိုလိုအပ်​တယ်​..... Just as a composer needs a theme to create a timeless melody, I need you..... Translated by Myo Myint Kyaw

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"လျာရိုးမရှိ ပြောတတ်တယ်"

Words are cheap and deeps are dear ဆိုတဲ့ စကားကိုကြားဖူးတယ်။ အပြောလွယ်သလောက် အလုပ်ခက်တယ် ဆိုတာကို တင်စားပြောဟန်ရှိပါတယ်။ လူတိုင်းလူတိုင်း စကားပြောစရာ ပါးစပ်တစ်ပေါက်စီ ပါလာလေတော့ ကျိုးကြောင်းဆီလျော်တာ မဆီလျော်တာ တကယ်စွမ်းဆောင်နိုင် မစွမ်းဆောင်နိုင်တာ ယုတ္တိရှိတာမရှိတာ အသာထား ပါးစပ်ပါနေတဲ့အတွက် တာဝန်ဝတ္တရားအရပြောနေကြသလို ထင်ရာမြင်ရာကိုပြောထွက်ကြတာကလည်း ဖြစ်မြဲဓမ္မတာတစ်ခုပါ။ အဲ့လိုပြောလိုက်တဲ့စကားရဲ့အတိမ်အနက်က ဘယ်လောက် အထိ သက်ရောက်သွားတယ်ဆိုတာသတိမထားမိဘဲ လွယ်လွယ်ကူကူ ပြောလိုက်ကြတာက များနေတာပဲ။ အဆင်ပြေအောင် ပေါ့ပေါ့လေးပြောပြီး ပြောလိုက်တဲ့စကားရဲ့နောက်မှာ Action Supporting တွေမပါလာတဲ့အခါ အခက်အခဲတွေဖြစ် ပြဿနာတွေတက်လာကြတာပါပဲ။ စီးပွားရေးသမားတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်းစကားပြောရပါတယ်။ ပြောတဲ့အခါ အကျိုးရှိတာရော မရှိတာရော ရောထွေးနေပြန်ရော။ မလုပ်နိုင်တာ မဖြစ်နိုင်တာကိုပြောရဆိုရလွယ်သလောက် အပြောနဲ့အလုပ်တွဲပြီးထွက်လာတာမဟုတ်တော့ အလွယ်တကူပြောတတ်တဲ့သူတွေကို အပြောလွယ်ပြီး အလုပ်ခက်တယ် လို့မြန်မာမှုနယ်ပယ်မှာသုံးကြပါတယ်။ ပါးစပ်ကထွက်လာတဲ့အကျိုးသက်ရောက်မှုဟာ မိမိဘဝအတွက် ကောင်းမွေဆိုးမွေတွေကို ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့မြင်နေရတယ်။ "မိမိနှုတ်ကို စောင့်သူသည် မိမိအသက်ကိုစောင့်၏။" ကျနော်သိတဲ့လုပ်ငန်းရှင်တစ်ယောက်ရှိတယ်။ အတိုဆုံးခြုံပြောရရင် ခန့်အပ်ထားတဲ့မည်သည့်ဝန်ထမ်းတွေကိုမှ လစာကိုလစဉ်ပုံမှန်မပေးဘူး။ နှစ်ကုန်မှအားလုံးတွက်ချက်ပြီး ပေးတယ်။ဒီကြားထဲလိုအပ်ရင်တော့ ကြိုတင်ငွေထုတ်ပေးတယ်။ ဝန်ထမ်းတွေကလည်းရတယ် ပြဿနာမရှိဘူး ငွေစုဆောင်းပြီးသားဖြစ်တယ် နှစ်ကုန်မှယူမယ် ။ နှစ်ဦးသဘောတူကြတော့ အလုပ်ဖြစ်တာပေါ့။ ဟော … နှစ်သာကုန်သွားတယ် လုပ်အားခ အကျေမရှင်းဘူး ။နောက်တစ်နှစ်လည်း အလားတူ ဖြစ်ပြန်တော့ ဝန်ထမ်းတွေမယုံကြတော့ဘူး အဲ့ဒါနဲ့ တရားဥပဒေအတိုင်းအလုပ်သမားတွေတောင်းတော့ ရုံးရောက်ဂါတ်ရောက်ဖြစ်ကုန်တာပေါ့ ………………… ပစ္စည်းတွေပို့ဖို့ သင်္ဘောငှားတယ်။ သင်္ဘောငှားခကို ပစ္စည်း ရောက်ရှိပြီး(1)ပါတ်အတွင်း ပေးမယ်ပေါ့ ။ ဟော ပစ္စည်း လက်ဝယ်ရောက်ပြီး သင်္ဘောပိုင်ရှင် ပိုက်ဆံလာတောင်း တော့ ဟိုအကြောင်းပြ ဒီအကြောင်းပြ။ ဒီသင်္ဘောပိုင်ရှင် တစ်ယောက်တည်းမဟုတ်ဘူး အလားတူသင်္ဘောပိုင်ရှင်တွေ တော်တော်များများခံလိုက်ရတယ်။ နောက်ဆုံး အဲ့ဒီ လုပ်ငန်းရှင်သူဌေးဘာပဲပြောပြောမယုံကြတော့ လုပ်ငန်းမဖြစ်။ လုပ်ငန်းခွင်ဆိုတာကျယ်ပြန့်တယ် နီးစပ်ရာအသိုင်းအဝိုင်းတွေကအစသိကုန်တော့ နာမည်ပျက်လာတာပေါ့ နောက်ဆုံးတော့လည်း ပိုက်ဆံပေးရတာပဲ ပေးနိုင်ရဲ့သားနဲ့မပေးပဲငွေကစားတော့ ကတိမတည်တဲ့သူတစ်ယောက်ဖြစ်သွားတော့ပေါ့ ဒီလိုအပြောနဲ့အလုပ် မညီတဲ့ကိစ္စတွေ ပြောပဲပြောပြီး မလုပ်နိုင်တဲ့ကိစ္စမျိုးတွေဟာ နေရာတိုင်းမှာ တွေ့နေရမှာပါ။ အထူးသဖြင့် ကြုံသလိုပြောပြီး ပြောသလိုမလုပ်နိုင်ပဲ မနိုင်ဝန်ထမ်းတတ်တဲ့လုပ်ငန်းရှင် သူတို့ဟာ အကြောင်းအမျိုးမျိုးကို လက်ညှိုးထိုးကြပေမယ့် ကိုယ်တိုင်နှုတ်စောင့်စည်းမှု အစီအမံညံ့ဖျင်းပါတယ်ဆိုတဲ့ အချက်ကိုတော့ ကွယ်ဝှက်ထားတတ်ကြတယ်။ မြန်မာမှုမှာ "လျာရိုးမရှိ ပြောတတ်တယ်" ဆိုတဲ့ စကားဟာ သိပ်ကို အပြောကောင်းတဲ့ အထက်ပါလူတွေပဲဖြစ်ပါလိမ့်မယ်။ အလင်္ကာည ကိုးကား- Mouth Management (ထက်ကျော်)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Crisis Management (2)

Crisis Management My companies events.(2) ပြဿနာဖြစ်ပွားတိုင်း တန်ဖိုးကြီးစွာပေးရတတ်သည်။ မိမိကိုယ်တိုင်မကြုံသေးဘူးသော်လည်း စူးစမ်းလိုသောဥာဏ်ရည်ရှိပါက အခြားသူများ၏ ပြဿနာများထဲမှ သင်ခန်းစွာ ထုတ်နှုတ်ရယူနိုင်သည်။ ပေးဆပ်ရသည့်တန်ဖိုးများတွင် ငွေ အချိန် စိတ်ဓါတ် ပုံရိပ် စသည်တို့အကြုံးဝင်နေတတ်သည်ကို သတိပြုသင့်သည်။ ပြဿနာတိုင်းသည် အကြောင်းကြောင့်ဖြစ်လာသော အကျိုးဖြစ်ပါသည်။ သို့ဖြစ်ရာ အကြောင်းတရားကို စေ့စေ့ငှငှရှာဖွေတတ်ရန် အရေးကြီးပါ၏ ။ အစအနတွေ့ပြီဆိုက အဖွဲ့အစည်း၏ အဓိကတာဝန်မှာ ချက်ခြင်းထိန်းချုပ်ရန်ဖြစ်ပါသည်။ လုပ်ဆောင်သင့်သည်များကိုမန်နေဂျာများက နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ လုပ်ဆောင်ရန်လိုအပ်သည်။ သွက်သွက်လက်လက်မလုပ်ဆောင်ပါက ပြဿနာကြီးထွားလာတတ်သည်။ စီးပွားရေးအဖွဲ့အစည်းများတွင် အများအမြင်၌ ရှုပ်ထွေးမှုမရှိခြင်း (Transparency) လုပ်ငန်းနှင့်ပါတ်သက်ပြီး တာဝန်ခံခြင်း (Accountablity) မျှတစွာပြောဆိုလုပ်ကိုင်ခြင်း (Fairness) စသည်တို့ကိုအခြေခံသောကုမ္ပဏီစီမံခန့်ခွဲမှု Corporate Goveruess အရည်အသွေးမြင့်မားစေရန် ကြိုးပမ်းဆောင်ရွက်ဖို့လိုပါသည်။ ထို့အပြင် အောက်ပါအချက်များကိုလည်းတတ်စွမ်းတမျှဆောင်ရွက်ထားနိုင်ပါက ကုမ္ပဏီ၏စွမ်းဆောင်မှုကို အထောက်အကူ ပြုနိုင်ကြောင်းတင်ပြလိုက်ရပါသည်။ မိမိကုမ္ပဏီ၏ မဟာဗျူဟာနှင့်နည်းဗျူဟာကိုအဖွဲ့သားများ နားလည်ယုံကြညလက်ခံထားနိုင်အောင်ရှင်းလင်းဆွေးနွေး ထားခြင်း။ မိမိအဖွဲ့သားများ လုပ်ချင်ကိုင်ချင်စိတ် တိုးတက်လာအောင် ဆောင်ရွက်ပြီး ၄င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း(Motivation and Performance) မိမိအဖွဲ့သားများကို လုပ်ငန်းကျွမ်းကျင်မှုနှင့်အတွေးအခေါ် အရည်အသွေးမြင့်မားလာအောင်လေ့ကျင့်ပျိုးထောင်ပေးခြင်း။ အဖွဲ့သား၏ စိတ်ဓါတ်ရေး Moral အခြေအနေကိုသိရှိအောင်ဆောင်ရွက်ထားရှိခြင်း။ ပြင်ပတွင်ဖြစ်ပေါ်နေသော အပြောင်းအလဲများကိုမျက်ချေမပြတ်စေဘဲ စောင့်ကြည့်ခြင်း သတင်းအချက်အလက်များကို လွတ်လပ်စွာ စီးဆင်းစေခြင်း (ကိုးကား-အရေးပေါ်ပြဿနာကိုစီမံထိန်းချုပ်ခြင်း-ပြည်စိုး) (Ref:Havard Business Essentials) မျိုးမြင့်ကျာ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Tooth Brush

Tooth-Brush
 ကျနော်ဆရာဝန်တစ်ယောက်ပါ :)) အဲ့လိုမထင်ပါနဲ့ စာဖတ်သူ ရေးပြချင်တဲ့အကြောင်းအရာတစ်ခုက ကျန်းမာရေးနဲ့ပါတ်သက်လို့ ကြော်ငြာတစ်ခုကို သဘောကျရင်း ဟာသနှောလိုက်မိတာပါ ။ လူတစ်ကိုယ်အတွက် ကျန်းမားရေးမှာ ခံတွင်းကျန်းမာရေးဟာလည်း တစ်ထောင့်တစ်နေရာက အရေးအပါဆုံးလို့ပြောလို့ရပါတယ်။ ခန္ဓာကိုယ် အလှအပဘယ်လောက်လှပနေပါစေ သွားကိုဂရုမထားလို့မလှမပဖြစ်ရင် မသန့်ရှင်းလို့ ခံတွင်းကျန်းမာရေး မကောင်းရင် ခံတွင်းအနံ့အသက် မကောင်းရင် ရှိပြီးသား အလှအပလေးတွေတောင် ယိုယွင်းသွားနိုင်ပါတယ်။ သည်အတွက် ခံတွင်းသန့်ရှင်းရေးက ကျန်းမာရေးအပြင် ကိုယ့်ကို ယုံကြည်မှုအတွက်လည်း အရေးပါ ပါတယ်။ ကျန်တော့်အတွက် ဒါမှမဟုတ် စာဖတ်သူ သင့်အတွက် ခံတွင်းနဲ့ သွားသန့်ရှင်းဖို့ သွားတိုက်ဆေးက အရေးပါသလို သွားတိုက်တံကောင်းကောင်း ရှိဖို့လည်းလိုပါတယ်။ မြို့ပြနေ လူတစ်ယောက်အနေနဲ့ မနက်ခင်း မိုးလင်းလိုက်တာနဲ့ ပထမဆုံးထိတွေ့ရမယ်အရာတွေ ကို စဉ်းစားကြည့်လိုက်ရင် သွားတိုက်တံနဲ့ သွားတိုက်ဆေး ကိုလည်းပြေးမြင်မိကြမှာပါ။ သွားတိုက်ဆေးကတော့ မိသားစုသုံး ကုန်စည်လို့ပြောရပေမယ့် သွားပွတ်တံကတော့ တစ်ယောက်တစ်ချောင်းပဲ သုံးကြတာပါ။ စကားမစပ် ---- ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆိုရင် သူ့သွားပွတ်တံကို ဘယ်အချိန်ကြည့်ကြည့် ဖွာလန်ဆုတ်နေတာ။ အသစ်ဝယ်တော့ ဆိုလည်း အင်းပါကွာ ဆိုတာနဲ့ပြီးသွားတယ် … အဲ့ဒါမျိုးကြတော့ ခံတွင်းကျန်းမာရေးအတွက် မကောင်းတော့ဘူး။ ခံတွင်းကျန်းမာရေးအတွက် လူတစ်ယောက်မှာ သွားတိုက်တံကောင်းကောင်းတစ်ချောင်းတော့ရှိမှဖြစ် မယ်လို့သတိပြုမိသင့်တယ်။ အရင်ကဆို သွားတိုက်တံဆိုပြီးရောပေါ့ ။ ကိုယ့်သွားနဲ့လိုက်ဖက် ကိုက်ညီမှုရှိရှိ မရှိရှိ လက်ညှိုးနဲ့ဆားနဲ့တောင် တွဲတိုက်လာရသေးတာပဲ ဘာရွေးစရာရှိလို့လဲပေါ့။ ပိုက်သားကြမ်းကြမ်းကြီး တွေလည်းသုံးရတာပါပဲလေ။ ခုတော့ မတူတော့ဘူးလေ။ အသက်အရွယ်အလိုက် သွားပွတ်တံကို ရွေးချယ်သုံးစွဲဖို့ လိုအပ်ပါတယ်။ ကလေးသွားတိုက်တံ လူကြီးသွားတိုက်တံ သွားတိုက်တံအပျော့အမာ စသည်ဖြင့်ပေါ့ ။ ဈေးနှုန်းကလည်း အရည်အသေွးလိုက်ပြီးတော့ တစ်ချောင်းကို ရာဂဏန်း ကနေ ထောင်ချီပေးရတဲ့အထိရှိနေပါတယ်။ သွားတိုက်တံလက်ကိုင်ကိုလည်း လက်ကိုင်ပုံစံကွာခြားမှုအလိုက် antibacterial system တွေထုတ်လုပ်ထားကြပါသေးတယ်။ သွားနဲ့ခံတွင်းကို သန့်ရှင်းအောင် ဂရုစိုက်ခြင်းဟာ ကိုယ့်ရဲ့ကျန်းမာရေးအတွက် ရော ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့အတွက်ပါ အရေးကြီးတယ်ဆိုတာကို လူတိုင်းနားလည်လောက်မယ်ထင်ပါတယ်။ လိုအပ်တယ် ဆိုတဲ့နေရာမှာလည်း ဟိုးအရင်ကလိုမျိုး သွားတိုက်တံ တစ်ချောင်း ဝယ်ပြီးရင် အမွှေးတွေဖွာလန်ကျဲ တိုကပ်ပြီး သွားဖုံးတွေနာနေလည်း ဆက်ပြီးတိုက်နေတာမျိုးမဟုတ်ဘဲ အချိန်ကာလတစ်ခု သတ်မှတ်ပြီး လဲလှယ်သုံးစွဲသင့်ပါတယ်။ အဲ့လိုလဲလှယ်နိုင်အောင်လည်း အခုနောက်ပိုင်း ထုတ်တဲ့သွားပွတ်တံတွေမှာ အရောင်လိုင်းလေး တစ်ခုထည့်ထားပြီး အရောင်မှိန်သွားရင် လဲလှယ်ရတော့မယ်ဆိုတာ သတိပေးကြေငြာ ထားကြောင်းနှင့် ကျွန်တော်ကတော့ Berman သွားပွတ်တံနှင့် Sensodyne သွားတိုက်ဆေးသုံးပါကြောင်း ရေးသားဖော်ပြရင်း။ ခင်မင်လျက် m2k

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Crisis Management (1)

Crisis Management : For my Companies Events မည်သည့်စီးပွားလုပ်ငန်း(ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ)တွင်မဆို အလစ်အငိုက်တွင် မမျှော်လင့်ပဲ ရုတ်ချည်းပေါ်လာတတ်သောအခက်အခဲပြဿနာများကို ရင်ဆိုင်ရမြဲဖြစ်ပါ၏ ထိုပြဿနာများကို အရေးပေါ်ပြဿနာ (Crisis) ချည်းမဟုတ်ဘဲ တရွေ့ရွေ့ တဖြည်းဖြည်းရွေ့လျားလာသောပုံစံ (Evolving) ဖြင့်ပေါ်လာတတ်သည်။ စီးပွားရေးအဖွဲ့အစည်းတစ်ရပ်တွင် ရုတ်တရက်ချက်ခြင်း ၄င်း၏ ဝန်ထမ်းများကိုလည်းကောင်း/ ထင်ပေါ်ကျော်ကြားမှုကိုလည်းကောင်း/ ဝင်ငွေကိုလည်းကောင်း/ ထိခိုက်စေနိုင်သောအလားအလာရှိသည့်ဖြစ်ရပ်များကိုအရေးပြဿနာ(Crisis) ဟု သတ်မှတ်ကြသည်။ ပြဿနာကြီးပါက အဖွဲ့အစည်းတစ်ရပ်လုံးကို ထိခိုက်သွားနိုင်သည်။။ အဖွဲ့အစည်းများတွင်ရှိနေကြသော အုပ်ချုပ်သူမန်နေဂျာများအနေဖြင့် အန္တရာယ်ဖြစ်နိုင်သော အလားအလာများကို ကြိုတင်ထောက်လှမ်းသိရှိထားရန် လိုပြီး ထိန်းချုပ်ထားရန်လည်း လိုအပ်သည်။ ထိခိုက်မှုအနည်းအငယ်မျှဖြင့် ပြဿနာကိုအပြီးသတ် စီမံပေးနိုင်ရန်လိုသည်။ ထိုနေရာတွင် အရေးပေါ်ပြဿနာများကို ထိန်းချုပ်ခြင်းသည် အဖွဲ့အစည်းတစ်ရပ်လုံး (Risks Management) ၏ အစိတ်အပိုင်းဖြစ်လေသည်။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်သည်။ ဟုမ္မလင်းမြို့ အထက်ပိုင်း ယက်ဖကျေးရွာရှိ ပါးလွှာစက်ရုံတစ်ခုတွင် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး လူ (2)ဦးသေဆုံးခဲ့ပြီး စက်ရုံဝန်ထမ်းများအား ထမံသီရှိ ဆေးရုံသို့ပို့ဆောင် ကုသခဲ့သည် ။ ထိုသို့ဖြစ်ပွားပြီး ရက်သတ္တပါတ်အကြာတွင် ဒုတိယအကြိမ်မြောက် အစာအဆိပ်သင့်မှု ထပ်မံဖြစ်ပွားခဲ့ရာ လူ (8) ဦးထပ်မံသေဆုံးခဲ့ပြီး အုပ်ချုပ်သူ မန်နေဂျာ ကိုယ်တိုင် အစာအဆိပ်မိ၍ ဆေးရုံတက်ရောက် ကုသခဲ့ရသည်။ မည်သို့မည်ပုံဖြစ်သွားရသနည်း။ ဤကိစ္စကို တာဝန်ရှိသူများစုံစမ်းစစ်ဆေးခြင်းပြုခဲ့ လေသည်။စုံစမ်းနေစဉ်ကာလအတွင်း စက်ရုံ ချိတ်ပိတ်ခံထားရသည့်အပြင် သေဆုံးသူများ၏ ဝန်ထမ်းများအတွက်လည်း ထောက်ပံကြေးများ ပေးအပ်ခဲ့သည်။ နောက်ဆုံးတွင် မတော်တဆဖြစ်ပွားမှု၏ အဓိကအကြောင်းမှာ ဟင်းချက်ရာတွင်စားသုံးသည့် ဆား ကြောင့်ဖြစ်သည်ကို ရှာဖွေတွေ့ရှီခဲ့သည်။ ချင်းတွင်းမြစ်ကြောင်းတစ်လျောက် ကုန်သင်္ဘောများဖြင့် စုန်ချည်ဆန်ချည် ပစ္စည်းများသယ်ယူလာရတွင် ဆား အိတ်များလည်းပါဝင်သည်။ ၄င်း ဆားအိတ်များသည် အစိုဓါတ်ပျံ့နှံလွဲ၍အရည်ပျော်မှုလည်းမြန်သည်။ သင်္ဘောပေါ်တွင်ပါဝင်သော ဓါတုပစ္စည်းများနှင့် အစိုဓါတ်လွယ်သော ဆားများနှင့် ပူးတွဲတင်ဆောင်လာ၍ ယခုလိုဖြစ်ပွားလာခြင်းဖြစ်ကြောင်းသိရှိခဲ့ရသည်။ မတော်တဆထိခိုက်မှုကြောင့်- 1) လူ (10)ဦး သေဆုံးခဲ့သည်။ 2) ပါးလွှာစက်ရုံ ချိတ်ပိတ်ခံရသည်။ 3) အလုပ်သမားများအလုပ်အကိုင်ခွင့်ရေး ရှားပါးခဲ့ရသဖြင့် စားဝတ်နေရေး ကျပ်တည်းခဲ့ရသည်။ 4) စက်ရုံမှထောက်ပံမှုမရှိတော့သဖြင့် ကျေးရွာဖွံ့ဖြိုးမှု အားနည်းသွားသည်။ 5) ကုမ္ပဏီ၏ နာမည်ဂုဏ်သတင်းကို ထိခိုက်စေခဲ့သည်။ စာဖတ်သူ သင်သည် ကုမ္ပဏီအကြီးအကဲတစ်ဦးဖြစ်ပါက သင့်၏ကုမ္ပဏီတွင် အထက်ပါဖြစ်ရပ်မျိုး ဖြစ်ပွားနိုင်မည်ဟု တစ်ကြိမ်တစ်ခါတွင် စဉ်းစားမိပါသလား။ လူသားအချင်းချင်းမနာလိုဝန်တိုမှုနှင့် ကုမ္ပဏီအပေါ်မလိုမုန်းထား ခြင်းကြောင့် ဖြစ်ပွားရသည်များလည်း ရှိတတ်ကြ၏။ သို့ဖြစ်၍ အရေးကြီးသည်မှာ မိမိကုမ္ပဏီအားနစ်နာစေနိုင်သော အလားအလာရှိသည့် ပြဿနာများကိုအလေးထားပြီး ကြိုတင်စဉ်းစားမြော်မြင်ထားတတ်ဖို့ပင်ဖြစ်သည်။ Risk Audit ဟုလည်း ခေါ်ဆိုနိုင်သည်။ ထိုသို့စီစစ်နိုင်မှသာ မလိုလားအပ်သော ပြဿနာများကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပါ၏။ 2 b continuous

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှုတ်ဆက်ခြင်း


အတိတ်ရိုင်းကိုမီးရှို့
ပြာဖြစ်သွားတဲ့ နေ့စွဲတွေမှာ
ငွေဂျိုးဖြူတွေ အတောင်ကြိုး
နှောင်ကြိုးတစ်ခုဟာ
သက်တန့်လို မတည်တန့်ခဲ့ဘူး။

မပြည့်စုံတဲ့ အရောင်နဲ့
ကွက်လပ်လိမ်းချယ်
မလှပတဲ့ ပြယုဒ်နဲ့
ဘ၀တွေသိမ်းပိုက်
အချစ်တွေသိမ်းပိုက်
ကောင်းမှုမှန်သမျှ သိမ်းပိုက်
ပြီးတော့………..
သိမ်းပိုက် သိမ်းပိုက်
နောက်ဆုံးတော့….
ပုတ်သိုးသွားတဲ့ သမိုင်းက
ရေမြုပ်သွားတဲ့ ပေါင်မုန့်တစ်ချပ်လို။

လွတ်လပ်ခြင်း ကောင်းကင်ယံသို့
ဗြောင်းဆန်အောင် မီးတက်ရှို့
မာနအတောင်အပံပေါ့
လာလာချည်သေး
စစ်နဲ့ငြိမ်းချမ်းရေးတဲ့
ဒါဆိုငါတို့ဟာ
ရေခဲဓါးနဲ့ အထိုးခံခဲ့ရသလို
ကိုယ့်အဆိပ်အံဆွဲထဲမှာတော့
တဝေါဝေါကြွေခိုက်
ဒဏ္ဍာရီတွေနိုးပြီး အိပ်မောကျသွားတဲ့
နာရီပျက်တစ်ခုလို။

အတိတ်ရိုင်းကို မီးရှို့
လွတ်မြောက်ရေးမီးပန်းတွေနဲ့
အောင်ပွဲကို မစားသုံးခင်
အညတြ  မြက်ရိုင်းပန်းတစ်ပွင့်နဲ့
လောကကို အလှဆင်
သောကကို အလှဆင်
ဘ၀အမြင်တွေ မတူသမျှ
အားလုံးဟာ
ဒီဘ၀တော့….ဒီမျှပဲပေါ့
(အလင်္ကာည)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆန္ဒတစ်စုံ


မွန်းကြပ်မှုတွေ ရှိလာတဲ့အခါ
ငါ နင့်ကို ရင်ဖွင့်ပြချင်တယ် ချစ်သူ
ပင်ပန်းမှုတွေ ကြုံလာတဲ့အခါ
ငါ နင့်ရဲ့ဂရုစိုက်မှုကို မက်မောတယ် ချစ်သူ
အခက်အခဲတွေရင်ဆိုင်လာရတဲ့အခါ
ငါ နင့်ရဲ့အားပေးစကားသံတွေ
နားထောင်ချင်တယ် ချစ်သူ
နင့်ကို ငါသတိရမိတဲ့အခါ
ငါ့ကို လည်းလွမ်းတယ် ဆိုတဲ့ နင့်စကားကို
ကြားချင်မိပြန်တယ် ချစ်သူ
တယောက်တည်း
ရပ်တည် ရင်ဆိုင်ရတဲ့အခြေအနေတစ်ခုမှာ
ကိုယ်ချစ်ရတဲ့ ချစ်သူကို
အနားမှာ ရှိနေစေချင်တက်ကျတာက
အဝေးရောက်ချစ်သူတိုင်းရဲ့
အဖြစ်ချင်ဆုံး ဆန္ဒတစ်စုံပါ ချစ်သူရယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS