လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေးအတွက် လူတိုင်းမှာ အလုပ်ကလေးတွေ ကိုယ်စီ ရှိကြပါတယ်။
တစ်ချို့ကလည်း မိဘလုပ်ကျွေးဖို့၊ မိသားစုအတွက်၊ လုပ်ငန်းအတွေ့အကြုံလေးရအောင်၊ တစ်ချို့ကလည်း ဘ၀ရည်မှန်းချက်ကိုအကောင်အထည်ဖော်ဖို့အတွက် လုပ်ငန်းဝင်ထဲ ၀င်ရောက်လာကြတယ်။ အလုပ်ထဲ ရောက်တော့လည်း လုပ်သက်လေးရလာတယ်၊ ကုမ္ပဏီပါးလေးလည်းဝလာရော စိတ်ထားလေးတွေ ပြောင်းလဲ လာတယ်။ လူအမျိုးစိတ်အထွေထွေဆိုသလိုပေါ့၊ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း မတူညီကြတော့။
အလုပ်ကိုဂရုမစိုက်ကြတော့ ပေါ့ပေါ့လေးနေတတ်လာကြတယ်။ အထက်လူကြီးက တာဝန်မပေးဘူးဆိုလျှင် ဘာမှမလုပ်တော့၊ ထိုင်လိုက်စကားပြောလိုက်၊စာဖတ်လိုက် ဒီလောက်ပဲ၊ အလုပ်မခိုင်းတဲ့အတွက်ကြောင့်လည်း ခိုင်းတာကိုပဲလုပ်မယ်၊ မခိုင်းတာကိုမလုပ်ဘူး၊ ငါသက်သာတယ်လို့ တွေးထင်နေတဲ့သူများလည်းရှိကြပါသေး တယ်။
အလုပ်တစ်ခုပေါ်လာလို့ ကိုယ့်ကိုမခိုင်းဘဲ တစ်ခြားတစ်ယောက်ကိုခိုင်းလိုက်ရင်လည်း ငါသက်သာတယ်ဆိုတဲ့ အတွေးနဲ့နေသူတွေလည်းရှိကြမှာပါ။ အမှန်ပြောရရင် သက်သာရင်ပြီးရောဆိုတဲ့လူတွေ လောကမှာ အများကြီး ပဲရှိကြမယ်ထင်တယ်. သူတို့တွေးထင်နေသလိုကော ဟုတ်ရဲ့လားလို့ အတွေးကို စမ်းစစ်ကြည့်စေချင်တယ်။ ခေတ်စကားနဲ့ပြောရင် Scan ဖတ်ကြည့်စေချင်တယ်ပေါ့ဗျာ၊
“အခိုင်းခံရတယ်ဆိုတာက တစ်ဖက်ကကြည့်ရင် သင်ပေးလိုက်တာပဲဖြစ်ပါတယ်။ ပြဿနာတစ်ခုကို လက်တွေ့ကိုင်တွယ်ခိုင်းလိုက်ခြင်းဖြစ်တယ်။” ပြောရတာက လွယ်ပါတယ်။ အလုပ်တစ်ခုဟာ လုပ်ကြည့်တော့ မှ အခက်အခဲတွေ တွေ့ရတတ်လာတယ်၊ ဘယ်လိုဖြေရှင်းမလဲဆိုတာ စဉ်းစားတတ်လာတယ်။ ဒီလိုစဉ်းစား ဖြေရှင်းရင်းနဲ့ မှ အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်တတ်တဲ့အကျင့်ဖြစ်လာတော့တာပါ။ အဲ့ဒီတော့
“မလုပ်ရင် မတတ်ပါ၊ လုပ်မှ တတ်မှာပါ”
နောက်တစ်ချက်-
မြန်မာလူမျိုးဝန်ထမ်းတွေမှာ အထက်လူကြီးကိုကြောက်တတ်တဲ့ အကျင့်လေးရှိတယ်။ ကြောက်တယ်လို့ပြောတာမကြိုက်ရင် (လေးစားတတ်တဲ့အကျင့်လေးရှိတယ်ပေါ့ဗျာ) လူကြီးနားသိပ်မကပ်ချင်ဘူး။ ကပ်ရင် တစ်ခုခုဖြစ်မှာစိုးလို့ထင်ပါ့။ အဲ့ဒိလိုနေပါများတော့ အထက်လူကြီးက သတိထားမိတတ်ကြတယ်။ သူက ခိုင်းလို့သာလုပ်နေတာ၊ အလုပ်ပေါ်စိတ်ဝင်စားရဲ့လား၊ ပြီးမြောက်ရဲ့လား၊ ဒီတော့ကိစ္စတစ်ခုပေါ်လာလို့ ခိုင်းတော့မယ်ဆိုရင် အဆိုပါဝန်ထမ်းကို သိပ်မစဉ်းတော့ဘူး.၀န်ထမ်းဘက်က ကြည့်ရင် သက်သာသွားတာပေါ့။ တကယ်မှာ အဆိုပါဝန်ထမ်းအတွက် များစွာနစ်နာဆုံးရှုံးပါတယ်။
“လူကြီးတစ်ယောက်ရဲ့ ယုံကြည်မှုမရတာဟာ၊ ၀န်ထမ်းတစ်ယောက်အတွက် အနစ်နာဆုံးအရာ” လို့ဆိုရပါလိမ့် မယ်။
အဲ့ဒီလိုနဲ့ပဲ လုပ်ချင်ကိုင်ချင်တဲ့ သူတွေကိုလူကြီးက ခိုင်းနေတဲ့အတွက် မသိမသာ ဘေးကိုတဖြည်းဖြည်း ချောင်ထိုး ရောက်သွားတတ်ပါတယ်. ဘယ်လုပ်ငန်းမဆို လုပ်ချင်ကိုင်ချင်တဲ့ (Active)ဖြစ်နေတဲ့သူကိုသာ ခိုင်းချင်တတ်ကြပါတယ်။
နောက်တစ်ခုက ဒီလိုလူမျိုးဘာလုပ်ဖို့ ဆက်ပြီး ခန့်ထားဖို့လိုမလဲ??ဆိုတာ စာဖတ်သူအနေနဲ့ တွေးမိမလား။ လုပ်ငန်းမှာ လုပ်သက်လည်းကြာလာတယ်၊ ခန့်ထားမိလျှက်သားဖြစ်နေပြီး စာနာထောက်ထား၍ ဆက်လက်ခန့်ထားရခြင်းများ ဖြစ်ပါတယ်။ ဒီလိုအထင်ခံရတာဟာ ဘ၀ရှေ့ရေးအာမခံချက်လည်း နည်းသွားတယ်။ ဘယ်နေရာမှာပဲလုပ်လုပ် ဒီလိုပုံနဲ့ဆို ကြာရှည်ခံဖို့မလွယ်ပါ။
ကျနော်လည်း အရင်တုန်းက အဲ့လိုတွေးမိခဲ့ဘူးတယ်။
ငါက Leader(ခေါင်းဆောင်) မလုပ်ချင်ဘူး နောက်လိုက် (Follower) ပဲလုပ်မယ်ပေါ့၊ခေါင်းဆောင်ဆိုတာ တာဝန်ခံရတယ်။ နောက်လိုက်ကတော့ ခိုင်းမှလုပ်တယ်၊ ဘာမှတာဝန်ခံစရာမလိုဘူး။ပေါ့ပေါ့ပါးပါးနေရုံပဲ ဆိုပြီး တွေးမိဘူးပါတယ် ။လက်တွေ့အဲ့လိုလည်းလုပ်ခဲ့ပါတယ်။ နောက်တော့ ဘာဖြစ်လာသလဲဆိုတော့ လုပ်ငန်းမှာကိုယ်ကအရေးမပါတဲ့သူတစ်ယောက်ပုံစံမျိုး လူပိုသက်သက်ဖြစ်လာတယ်။ ခံစားလာရတယ်။
ဒီလိုမဖြစ်အောင်လို့ပါ။ သက်သာရင်ပြီးရော၊ လုပ်ပေးဖို့လည်း ၀န်လေးနေမယ်ဆိုရင် အလုပ်က သင်သွားတယ် ဆိုတဲ့ အရာကိုလုံးဝခံစားလိုက်ရမှာမဟုတ်သလို့ လုပ်ငန်းအတွေ့အကြုံဆိုတာ အလကားပဲ ဖြစ်သွားပါလိမ့်မယ်။ နောက်တစ်ခုက ပညာတစ်ခုရဖို့လူတွေကိုအောက်မကျို့ချင်ဘူး။ ဆိုတဲ့စိတ်ထား လေးရှိကြတယ်။ ကိုယ်အောက်ကျို့ရမှာက လူတစ်ယောက်ဆီကပဲ အောက်ကျို့ရတာပါ။ ကိုယ်ကိုယ်တိုင် အဲ့ဒီပညာ၊ လုပ်ငန်းသဘောသဘာဝကို တတ်သွားရင် ကိုယ့်ဆီကိုလာမေးမယ့်သူက အများကြီးပါ။ အဲ့ဒါကြောင့် လုပ်ငန်းခွင်မှာ အောက်ကျို့သင့်ရင်လည်း အောက်ကျို့ရမှာပဲ ၊
တစ်ချိန်တုန်းက ကျနော်ရဲ့အကြောင်းအရာတစ်စိတ်တစ်ပိုင်းတစ်ခုပါ။
နောက်ဆုံးအနေနဲ့-
အထက်လူကြီးဆိုတာ လုပ်ငန်းအားလုံးကို အမြဲတစေ့တစောင်း ခြုံငုံကြည့်နေတတ်ပါတယ်။ ကြိုးစားချင်စိတ်မရှိသူ။ ကူညီလိုစိတ်မရှိသူ၊ အလိုက်သိတတ်မှုရှိမရှိ ၊ အလုပ်ကိုမလုပ်ရရင် သက်သာတယ် လို့ထင်နေတဲ့သူ၊ ကိုယ့်အကျိုးပဲ ကြည့်နေတတ်တဲ့သူကို ဘယ်လူကြီးမှ အားကိုးမှာမဟုတ်ပါဘူး။
ငယ်ရွယ်ပြီးတတ်တတ်ကြွကြွ ဖျတ်ဖျတ်လတ်လတ်လုပ်နိုင်ချိန်မှာ အလုပ်ကိုမခိုမကပ် လုပ်ဆောင်ပေးခြင်းဖြင့် မိမိဘ၀ကို လုပ်ငန်းထဲမှာတိုးတက်အောင်ကြံဆောင်သင့်ပါကြောင်းဖော်ပြလိုက်ပါတယ်။
ခင်မင်စွာဖြင့်
အလင်္ကာည