ငယ်စဉ်ကတည်းက ခေါင်းထဲမှာစွဲမြဲလာခဲ့တဲ့ စကားလုံးက “လူဆိုတာ အညွန့်တလူလူ နဲ့၊ လူညွန့်တုံးစကား မပြောပါနဲ့” ဆိုတာလေးပါ။ ဒီစကားကို အလယ်တန်းကျောင်းသား ဘ၀လောက်က မမျှော်လင့်ဘဲကြား ခွင့်ရခဲ့ပြီး စွဲမြဲစွာ မှတ်သားခဲ့မိတာပါ။ အဲဒီအဆိုကို သေသေချာချာ စဉ်းစားခန်း ၀င်ကြည့်မိတယ်။ငြင်းချက်မရှိ လက်ခံထိုက်တယ်။ အားလုံးသော လူသားတွေမှာ လူညွန့်တုံးတစ်ယောက်မှ မပါဘူး။ လူသားတွေဟာ စိမ်းလန်း စိုပြည်နေတဲ့ အပင်တွေလိုပဲ အပြိုင်အဆိုင် ထိုးထိုးထောင်ထောင် တက်နေကြတယ်။
လမ်းပေါ်မှာ စော့ကစားနေတဲ့ ကလေးငယ်တစ်ယောက်ကို လူရွယ်ပိုင်း ပုဂ္ဂိုလ်တစ်ယောက်က “ လူညွန့် တုံးလေးပါ” မထီမဲ့မြင် ပြောလိုက်ရာကနေစတဲ့ ဇတ်လမ်းပါ။ မိဘ ဆွေမျိုး အသိုင်းအ၀ိုင်းကိုပါ ပုတ်ခတ်ပြီး နောက်ဆုံးမှာ ဒီစကားလေးကို ပြောလိုက်တယ်။ “ နေ့ပြောနောက်ကြည့်၊ ညပြောအောက်ကြည့်” ဆိုတာကို သတိမထားဘဲ ပြောနေစဉ်မှာ ကလေးငယ်ရဲ့ မိခင်ဟာ အနောက်က ရောက်လာပါတယ်။ သူ့သားသမီးကို “လူညွန့်တုံး” လို့ အပြောခံလိုက်ရတဲ့ မိခင်ခမျှာ မည်မျှခံပြင်း ဒေါသထွက်လိမ့်မလဲ။ ပြောသူရဲ့ အမည် ကိုခေါ်ပြီး ” ကလေးကို ဆုံးမသင့်လို့ ကောင်းရာ ကောင်းကြောင်း ဆုံးမလိုက်တယ်ဆိုရင် ငါ့အနေနဲ့ ဘာမှပြောစရာမရှိဘူး။ လူဆိုတာ မွဲချင်သလောက်မွဲ လူညွန့်တုံးတော့ မဟုတ်သေးဘူးဟဲ့။” ခွန်းကြီးခွန်းငယ် အပြိုင်ကျဲနေကြတဲ့ နေရာမှာ စာရေးသူကပရိတ်သတ် အဖြစ်ရှိနေခဲ့ပါတယ်။ ယောက်ျားနဲ့ မိန်းမဖြစ် နေတာက တစ်ကြောင်း၊ လူရွယ်ဘက်က မှားနေတဲ့အတွက် လျှော့သွားပါတယ်။ မိခင်ဖြစ်သူက “လူညွန့်တုံး” လို့ ဆိုရအောင် သူတောင်းစား လဲမဟုတ်ဘူး၊ ကိုယ့်ခွန်အားနဲ့ကိုယ် ရုန်းကန်ပြီး ရပ်တည်နေတာ။ နောက်ဆိုဒီစကား ဘယ်တော့မှ မပြောနဲ့” ဟု ခံပြင်းဒေါသဖြစ်စွာ ပြောဆိုခဲ့သည်။
အပြောခံရသည့် ကလေးနှင့် မိသားစုသည် တစ်ရပ်တစ်ကျေးမှ လာရောက်အလုပ်လုပ်ကိုင် သူများဖြစ်သည်။ ယောက်ျားရော မိန်းမပါ ယဉ်ဘောင်တန်းပြီး လုပ်ကိုင်နေကြသူများဖြစ်သည်။ မောင်တစ်ထမ်းမယ်တစ် ရွက်ဟု မဆိုသာ။ ယောက်ျားလုပ်သမျှ မိန်းမကပါ တန်းတူလုပ်သည်။ စပါးထမ်း၊ ဓနိခုတ် စသည်ဖြင့် ယောက်ျားအများစု လုပ်သည်မှန်သော်လည်း ထိုမိခင်မှာ ယောက်ျားများနှင့် တန်းတူ လုပ်နိုင်သူဖြစ်သည်။ သားငယ်သမီးငယ်များကို ကျောင်းထားသည်။ လက်ရှိအနေအထားအရ သူတို့မိသားစု မွဲသည်မှာ မှန်၏။ သို့သော် သူတို့ရုန်းကန်နေသမျှ သူတို့သည် ဆင်းရဲတွင်းထဲမှ လွတ်နိုင်၏။ သားသမီးများနှင့် ပတ်သတ် ၍လည်း အခြားမိဘများနည်းတူ မျှော်လင့်ချက်ကြီးကြီးမားမား ရှိနေမည်သာ ဖြစ်၏။ သို့အတွက်ကြောင့် ”လူညွန့်တုံး” ဟုပြောခြင်းကို မခံမရပ်နိုင် ဖြစ်ရခြင်း ဖြစ်၏။
လူ့ဘ၀တက်လမ်းကို သစ်ပင်တွေနဲ့ ခိုင်းနှိုင်းပြီး သုံးစွဲသွားတဲ့ သာဓက တစ်ခု။ သစ်ပင်တွေရဲ့ သဘာဝကိုပြန်ကြည့်လိုက်တော့ အညွန့်တက်နေတဲ့ အပင်တွေဟာ ရှင်သန်နေခြင်း။ အညွန့်တက်
မလာတော့ဘူး ဆိုရင်တော့ အပင်ဟာ သေဆုံးသွားပြီ ဆိုတာကို အလိုလို နားလည် သဘောပေါက်ကြတယ်။
အဲဒီမှာ အပင်တွေရဲ့ သဘာဝကို ဆက်လက် သုံးသပ်ကြည့်တဲ့အခါ အဖိုးတန်၊ အသုံးဝင်တဲ့ အပင်တွေဆိုရင် ပြုစုပျိုးထောင်ပေးရတယ်။ စိုက်ပျိုးသူတို့က လိုအပ်သော မြေ၊ ရေ ၊ သြဇာ စသည်
တို့ကို အပင်နဲ့ ကိုက်ညီမှုရှိအောင် ဆောင်ရွက်ပေးကြရတယ်။ စိုက်တော့ စိုက်တယ်။ ပြုပြင်ခြင်း ပေါင်းရှင်းခြင်း မြေသြဇာကျွေးခြင်း စတာတွေ မလုပ်ဘူး ဆိုရင်လည်း အပင်ဟာ ရှင်သန်နေသော်
လည်း ကြီးထွားသင့် သလောက် မကြီးထွားဘူး ဆိုတာကို တွေ့ရပြန်ပါတယ်။
လူ့ဘ၀ကိုပြန်ကြည့်။ ပြုစုပျိုးထောင်ပေးလိုက်တာက မိဘ။ အညွန့်တလူလူနဲ့ တက်လာပြီး အညွန့် ဝေဖြာနေတဲ့ အချိန်က တော့ လူငယ်ဘ၀။ စိုက်ပျိုးသူနဲ့တူတဲ့ မိဘတို့ရဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့် ဘ၀အပိုင်းအခြား တစ်ခုအထိတော့ အညွန့်တက်လာကြပြီ။ မြေသြဇာဓာတ် လုံလုံလောက်လောက်နဲ့ ရှင်သန်ကြီးထွားရသည်ဖြစ်စေ၊ သြဇာဓာတ်မရဘဲ ကြီးထွားလာရသည် ဖြစ်စေဆက်လက်ပြီး အဖူး၊ အပွင့်၊ အသီးတွေ ဝေဆာပေးရမှာကတော့ အပင်လေးတွေရဲ့ တာဝန်ပါပဲ။
တန်ဖိုးရှိတဲ့ အပင်မျိုးဖြစ်အောင် ဆောင်ရွက်ကြရမယ်။ အသီးတွေဟာ အဟာရဓာတ်ပြည့်ဝရမယ်။ အပွင့် တွေကလည်း လှပနေရမယ်။ ပြုစုပျိုးထောင်သူကို အကောင်းဆုံးပြန်လည် အကျိုးပြုရမယ်။ ညှိုးနွမ်းခြောက် သွေ့ သွားတဲ့ အပင်မျိုး မဖြစ်စေရဘူး။
အဲဒီလို နားလည်းထားတဲ့အတိုင်း ဘ၀ရည်မှန်းချက် အသီးသီးဟာ လူငယ်တွေရဲ့ အသီး၊အပွင့်တွေပါပဲ။ အပင်တစ်မျိုးစီဟာ အသုံးဝင်စေမယ့် အသီးတစ်မျိုးကို အဖူး၊ အပွင့်၊ အသီး ဆိုပြီးတစ်ဆင့်ချင်း ( step by step) သွားကြတယ် မှတ်လား။ လူငယ်အသီးသီးကလည်း ကိုယ့်ခံယူချက်၊ ယုံကြည်ချက်တွေနဲ့ လောကကို အကျိုးပြုစေမယ့် နယ်ပယ်တစ်ခုစီကနေ အကျိုးပြုနိုင်အောင်ဆောင်ရွက်ရမယ်။
ဒါမှလည်း သတ္တ၀ါတွေထဲမှာ အသိဥာဏ်ပြည့်စုံတဲ့ လူ့ဘ၀အတွက် ရှင်သန်ရကျိုးနပ်မှာ ဖြစ်ပါတယ်။ ရှင်သန်နေရတာခြင်း တူပေမယ့်လည်း ဘ၀ရည်မှန်းချက်တွေကတော့ တူညီကြမှာ မဟုတ်ဘူး။
အဲဒီအပေါ်မှာ မူတည်ပြီး တန်ဖိုးဆိုတာလည်း မတူတော့ဘူး။
ထိုးထိုးထောင်ထောင်နဲ့ တက်လာနေတဲ့ အညွန့်တွေမှာ တညီတညာတည်း မဟုတ်ဘဲ တိုတဲ့ဟာကတို ရှည်တဲ့ဟာကရှည် ဖြစ်နေတယ်။ အဲဒီလိုပါပဲ။ ရည်မှန်းချက်တူညီနေခဲ့ရင်လည်း ပိုကျိုးစားတဲ့သူက အရှေ့က ရောက်ရသလိုမျိုးပါပဲ။ ဖြစ်တော့ ဖြစ်ချင်ရဲ့။ တအိအိနဲ့ ပြင်းပြင်းထန်ထန် ကြိုးစားရုန်းကန်မှု မရှိခဲ့ရင်တော့ အဟာရဓာတ် မပြည့်ဝတဲ့ အပင်လို သီးချိန်တန်မသီး၊ သီးပင်သီးငြားလည်း ပြည့်ပြည့်၀၀ မဟုတ်၊ ပိန်လှီ နေတဲ့ အသီးမျိုးလေးတွေ သီးလာရသလို ဖြစ်နေမယ်။
အညွန့်တုံးစကားမပြောပါနဲ့ ဆိုတဲ့မိခင်ရဲ့ အဖြစ်ကို မျှော်ကြည့်လိုက်တော့ အထက်ကဆိုခဲ့သလို မွဲပါတယ်။ ဒါပေမယ့် အညွန့်တုံးစကားကို ကြားကာမျှနဲ့ မုန်းတီးတယ်။ ဘ၀ဆိုတာ တရားသေမဟုတ်ဘူးဆိုတဲ့ သဘောကို သူပြောချင်တာပါ။ အနာဂတ်မှာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်။ အနာဂတ်ရှိနေသေးသ၍ အညွန့်တက်နေဦးမယ့် သဘောပါ။ သူကိုယ်တိုင်လည်း သမာအာဇီဝနဲ့ ရုန်းကန်နေတယ်။ သူ့ရဲ့ သားသီးလေးတွေအတွက် အကောင်းဆုံးမဖြစ်တောင်မှ အတတ်နိုင်ဆုံး ကြိုးစားပေးနေတဲ့အတွက် သူတို့ လေးတွေတက်လာမယ့် အညွန့်ကို ဘယ်အချိုးခံနိုင်ပါ့မလဲ။
အပင်တွေ ရှင်သန်နေဖို့က မြေ၊ရေ၊ သြဇာလို့ ဆိုခဲ့ပါတယ်။ လူငယ်တွေရဲ့ အညွန့်တွေတလူလူ ဖြစ်နေဖို့ကတော့ ရှေးပဝေသဏီက ဆိုခဲ့ပြီးတဲ့ ဇွဲ၊ လုံ့လ၊ ၀ရိယ လို့ပဲ ထပ်ဆိုချင်ပါတယ်။ အားလုံးဟာအညွန့်တလူလူနဲ့ပါ။ တစ်ချက်သတိထားရမှာက အပင်တွေမှာ ခေါင်ညွန့်အချိုးခံရတာမျိုးလည်း ရှိတတ်သေးတယ်။ အပင်တွေကတော့ သူတို့လိုအပ်တဲ့ အဟာရဓာတ်သာရနေပါစေ တစ်ညွန့်ချိုးရင် ဆယ်ညွန့်လောက် ပြန်ထွက်ပေးတယ်။ သူုတို့ရဲ့ သဘာဝ။ လူသဘောသဘာဝအရလည်း လူငယ်လေး တွေကို ခေါင်းညွန့်ချိုးတတ်ကြတယ်။ အပင်တွေနဲ့ထပ်တူ အညွန့်ပေါင်း ထောင်သောင်းမက ပြန်လည်ဝေဖြာစေ၍ အညွန့်တလူလူမှသည် အသီးအပွင့်ဝေဆာသော လူငယ်များ ဖြစ်စေရမည်။
နောင်တော်လေး (ဘိုကလေး)
The Hot News Journal တွင် ဖော်ပြပြီးခဲ့သော ဆောင်းပါး တစ်ပုဒ်
0 comments:
Post a Comment