RSS

နှုတ်ဆက်ခြင်း


အတိတ်ရိုင်းကိုမီးရှို့
ပြာဖြစ်သွားတဲ့ နေ့စွဲတွေမှာ
ငွေဂျိုးဖြူတွေ အတောင်ကြိုး
နှောင်ကြိုးတစ်ခုဟာ
သက်တန့်လို မတည်တန့်ခဲ့ဘူး။

မပြည့်စုံတဲ့ အရောင်နဲ့
ကွက်လပ်လိမ်းချယ်
မလှပတဲ့ ပြယုဒ်နဲ့
ဘ၀တွေသိမ်းပိုက်
အချစ်တွေသိမ်းပိုက်
ကောင်းမှုမှန်သမျှ သိမ်းပိုက်
ပြီးတော့………..
သိမ်းပိုက် သိမ်းပိုက်
နောက်ဆုံးတော့….
ပုတ်သိုးသွားတဲ့ သမိုင်းက
ရေမြုပ်သွားတဲ့ ပေါင်မုန့်တစ်ချပ်လို။

လွတ်လပ်ခြင်း ကောင်းကင်ယံသို့
ဗြောင်းဆန်အောင် မီးတက်ရှို့
မာနအတောင်အပံပေါ့
လာလာချည်သေး
စစ်နဲ့ငြိမ်းချမ်းရေးတဲ့
ဒါဆိုငါတို့ဟာ
ရေခဲဓါးနဲ့ အထိုးခံခဲ့ရသလို
ကိုယ့်အဆိပ်အံဆွဲထဲမှာတော့
တဝေါဝေါကြွေခိုက်
ဒဏ္ဍာရီတွေနိုးပြီး အိပ်မောကျသွားတဲ့
နာရီပျက်တစ်ခုလို။

အတိတ်ရိုင်းကို မီးရှို့
လွတ်မြောက်ရေးမီးပန်းတွေနဲ့
အောင်ပွဲကို မစားသုံးခင်
အညတြ  မြက်ရိုင်းပန်းတစ်ပွင့်နဲ့
လောကကို အလှဆင်
သောကကို အလှဆင်
ဘ၀အမြင်တွေ မတူသမျှ
အားလုံးဟာ
ဒီဘ၀တော့….ဒီမျှပဲပေါ့
(အလင်္ကာည)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆန္ဒတစ်စုံ


မွန်းကြပ်မှုတွေ ရှိလာတဲ့အခါ
ငါ နင့်ကို ရင်ဖွင့်ပြချင်တယ် ချစ်သူ
ပင်ပန်းမှုတွေ ကြုံလာတဲ့အခါ
ငါ နင့်ရဲ့ဂရုစိုက်မှုကို မက်မောတယ် ချစ်သူ
အခက်အခဲတွေရင်ဆိုင်လာရတဲ့အခါ
ငါ နင့်ရဲ့အားပေးစကားသံတွေ
နားထောင်ချင်တယ် ချစ်သူ
နင့်ကို ငါသတိရမိတဲ့အခါ
ငါ့ကို လည်းလွမ်းတယ် ဆိုတဲ့ နင့်စကားကို
ကြားချင်မိပြန်တယ် ချစ်သူ
တယောက်တည်း
ရပ်တည် ရင်ဆိုင်ရတဲ့အခြေအနေတစ်ခုမှာ
ကိုယ်ချစ်ရတဲ့ ချစ်သူကို
အနားမှာ ရှိနေစေချင်တက်ကျတာက
အဝေးရောက်ချစ်သူတိုင်းရဲ့
အဖြစ်ချင်ဆုံး ဆန္ဒတစ်စုံပါ ချစ်သူရယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သတိရနေလို့-----ခုချိန် ငါဘာလုပ်ရမလဲ

သတိရနေလို့-----ခုချိန် ငါဘာလုပ်ရမလဲ

နေရောင်ခြည်လေး အငွေ့ပြန်သွားတော့
အလွမ်းတွေ အရောင်လက်လာတယ်
မိုးစက်လေးတွေကြွေကြတော့
အေးချမ်းသွားတဲ့ ရသနဲ့ အတူ ---
ညီမကို ကိုယ်လွမ်းတယ်

ကောင်းကင်ထက်မှာ
 ဖြာကျလာသောအလင်းတွေမှာ
 ကိုယ့်အတွက်သတိရစရာ 
အဖြစ်အပျက်တွေရှိနေတယ်
မိုးစက်ကျရာ ပါးပြင် အဆုံး
ညီမရဲ့ မျက်ဝန်းတစ်စုံကို 
တမ်းတမ်းတတ လွမ်းမောမိတယ်--------
လိုအပ်ချက်တစ်ခုနဲ့
ဖြတ်သန်းရတဲ့ဒီလိုနေ့ကို မုန်းတယ်
သာမန်ထက်ပိုရှည်လျားနေတဲ့ ယန္တရား
လွန်ဆန်ခွင့်မပေးတဲ့အချိန်
တွေဝေငေးမောစွာ ညီမကို လွမ်းတယ်------

အိပ်ချိန်စောင့်နေတဲ့ေ
န့အလင်းတွေမွေးဖွားဖို့အတွက် 
အသင့်ပြင်နေသောအမှောင်တစ်စ
တစ်ဖန်သစ်လွင်ဖို့ 
အိပ်ယာက နိုးထလာသောကြယ်စင်လေးတွေ
လရောင် သဲ့သဲ့နဲ့ လှပသော ညနေခင်း
ငါ့မျက်ရည် မခိုင်လို့ခဏနေပါဦး
အမှောင်တွေ ဖုံးလွမ်းသွားတဲ့ ညလေးအမှတ်ရ 
သံဇဉ်တွေများစွာနဲ့ညီမကိုလွမ်းတယ်--------
(အလင်္ကာည)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"လွမ်းတတ်ရင် စမ်းသပ်ပြီး ဖတ်ကြည့်ပါ"

"လွမ်းတတ်ရင် စမ်းသပ်ပြီး ဖတ်ကြည့်ပါ"

ငွေနှင်းနု​တွေလည်း​ကြွေဆင်းလုပြီ ချစ်သူ--------
သူမမြင် သူမသိသူမရှိတဲ့ ဘဝမှာ
ပျော်စရာစိတ်သုဉ်းဝေးနေရဦးမှာပေါ့---------

မနက်ဖြန် ရက်စွဲများနဲ့
ရာသက်ပန် လက်တွဲကြဦးမှာမို့
အလွမ်းတွေကို တံတားခင်း
အနမ်းတွေက မှတ်တိုင်ပေါ့----------

ချစ်သူမျက်ဝန်းထဲ 
တစ်ပတ်နွမ်း အိမ်မက်တွေနဲ့
မပြတ်လွမ်းခဲ့စဉ်က
ငြင်သာဖွဖွ အနမ်းစတွေပါးပြင်ပေါ် ချွေ
 နူးညံ့ပွေ့အိ အတွေ့ထိမှာ
 သာယာယစ်မှုးအပြစ်ကျူးခဲ့သမျှ
အချစ်ရှုးရဲ့ ဘဝတာမှာ
သူမမြင်လဲ နေပါစေ
သူမသိလဲ ရှိပါစေ----
(အလင်္ကာည)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

How to gets the gold? Part -2

ရွှေရဖို့အတွက် လွယ်မယ်ထင်သလားမိတ်ဆွေ ......
ကျနော်ကတော့ လွယ်မယ်ထင်ခဲ့မိတယ်
ထင်ခဲ့မိတဲ့အကြောင်းကလည်းရှိတာကို......
သွားချင်တဲ့နေရာသွား ..... သွားတဲ့နေရာ ခြေနင်းတဲ့ မြေကြီးက ရွှေထွက်နေတာကို။။။။။

ဒါပေမယ့် သေချာသွားကြည့်တော့မှ မလွယ်ပါလားဆိုတာ သိလာတယ်
မိုးလင်းကနေ မိုးချုပ်အထိ ထမင်းစားချိန်ကလွဲလို့ တစ်နေကုန် ရေနဲ့ထိတွေ့နေရတော့ ခြေနဲ့လက်တွေက ရေတွေနူး ပြီးတော့ ကပ်ပါးမှိုစွဲလို့ သဲဝဲတွေဖြစ်ကုန်ရော။
ဒါ့အပြင် လက်မသန့်ရှင်းတာကြောင့် အစားအစာ စားသောက်တဲ့အခါ ဝမ်းရောဂါလည်းဖြစ်ပြန်ရော။ ဒါက ကျန်းမာရေးကိုပြောတာ။

ပညာရေးကို ပြောကြည့်ရအောင်.......
ပိုက်ဆံရှာရတာက လွယ်တာကိုး။ အရင်းအနှီးရှိစရာမလိုဘူး အိမ်ရှိလူအကုန်ထွက် “အင်ဝိုင်း” ကို လက်မှာကိုင် တွေ့တဲ့မြေကြီးကို အင်ဝိုင်းပေါ်တင်ပြီး ရေထဲမှာ ကျင်လိုက်ရင် ရွှေရလာတာကို။ ပြီးတော့ ရလာတဲ့ ရွှေချီးမည်းမည်း ကို ပြဒါး နဲ့ဖမ်း ၊ ဒါက အကြမ်းဖျဉ်း ပြောပြတာပါ။
(စကားချက်။        ။ အင်ဝိုင်း ဆိုတာ ဆန်ပြာတဲ့စကော ပုံစံပါ....၎င်းကို သစ်သားပြားနဲ့လုပ်ပြီး အလယ်မှာ အခွက်ကလေး လုပ်ထားတာကို ခေါ်တာပါ)

အဲ့ဒီတော့ အိမ်ရှိလူအကုန်ထွက်ဆိုတော့ ကလေးပညာရေးကို စာဖတ်တတ်ရုံလောက်ဆိုတော်ပါပြီ
ပညာတတ်တော့လည်း ဘာမှလုပ်လို့မရဘူးဆိုတဲ့အမြင်တွေကြောင့် ကလေးတော်တော်များ စာမတတ်ကြဘဲ စားဝတ်နေရေးအတွက် မနက်မိုးလင်း ထမင်းထုပ်ကိုယ်စီယူပြီးတစ်ပိုင်တစ်နိုင် ရွှေကျင်ကြတယ်။ တစ်နေ့ကို ရွှေ (၄)ရွေးဆိုလည်း ဟုတ်၊ (၅)ရွေး ဆိုလည်း ဟုတ် ဆိုတော့ မိသားစုဝင်ငွေက မဆိုးဘူးပေါ့။ရွှေ(၁)ရွေးကို ၅၂၀၀ ကျပ် ပေါက်ဈေးဆိုတော့ သူတို့အတွက်ဖူလုံတယ်။ဒါပေမယ့် ဟိုဥက္ကဌပေးရ၊ ဒီ ရဲ ကို ပေးရ ပြီးတော့ စစ်ဆေးရေးအဖွဲ့ လူကြီးခရီးစဉ်များရှိရင် အလုပ်မလုပ်ရဘဲ  ရှိတာလေး ထိုင်စားရတော့ ရှာသလောက်မလောက်ပဲ ရှိကုန်ကြတော့တာပါ့ ။ တစ်ခါတစ်လေ ရွှေအရနည်းလာရင် စက်ယန္တရားတွေနဲ့အလုပ်လုပ်ကြတဲ့ ရွှေကုမ္ပဏီတွေမှာ တောင်းပန်ပြီး မျောမီးခံကြတယ်။
(စကားချက်။       ။ မျောမီးခံတယ်ဆိုတာ ရေစီးကြောင်းနဲ့အတူ စီးဆင်းလာတဲ့မြေကြီး ကို ပိုင်ရှင်တွေရွှေမျောခံပြီးမှ ၎င်းအောက်မှတဆင့်ခံတာကို ပြောတာပါ)
အဲ့ဒီတော့ တစ်ခြားလုပ်ငန်းကို ဘာမှသိပ်မလုပ်တတ်ကြဘဲ ၎င်း လုပ်ငန်းတစ်ခုထဲကိုသာ မိရိုးဖလာလုပ်ငန်း အဖြစ်လုပ်ကိုင်လာကြတာ ယနေ့ထိတိုင်အောင်ပါပဲ။
ကျောင်းပညာရေးအနေနဲ့လည်း ရွာတွေမှာ ဆရာ/ဆရာမ မလုံလောက်မှု၊ တိုင်းရင်းသားဘာသာစကားအခက်အခဲ၊စားဝတ်နေရေးအခက်အခဲ၊ ရပ်ရွာဒေသဖွံ့ဖြိုးမှု မရှိခြင်း၊ မိဘများ၏ပြုစုပျိုးထောင်အားပေးမှုနည်းခြင်းကြောင့် ကလေးများ ပညာရေးဆုံးခန်းတိုင်အောင် မသင်နိုင်ကြ ဘဲ ပညာဗဟုသုတ ချို့တဲ့ခဲ့ကြရပါတယ်။

ပိုက်ဆံရှိအသိုင်းအဝိုင်းတော့ ငွေလုံးငွေရင်းတွေနဲ့ ရင်းနှီးမြုပ်နှံ၊ပြီးတော့ စက်ယန္တရားကြီးတွေနဲ့နေ့ည မပျက် အလုပ်လုပ်၊  မှုန်စုပ်စက်မျိုးစုံနဲ့ မြေဆီလွှာတွေကို ထိုးဆွ၊ အဲ့ဒီတော့ တောတောင်တွေပြုန်းတီး၊ တောင်ကတုံးတွေဖြစ်ကုန်ကြရော၊ ရလိုက်တဲ့ ရွှေ သောက်သောက်လဲ၊ တစ်ချို့ကြတော့ အခွန်ဆောင်၊ လုပ်ကွက်ကိုတရားဝင်လုပ်ကြတယ်၊
တစ်ချို့ကြတော့လည်း နီးစပ်ရာ ဆိုင်ရာဆိုင်ရာတွေကိုပေး၊ ရွှေလုပ်ကွက်လေးတွေရလာပြီး လုပ်ကိုင် ကြတယ်။

မည်သို့ပင်ရွှေမျောလုပ်ကိုင်ကြပါစေ တောင်တွေသည် မြေပြန့်တွေဖြစ်၊ မြေပြန့်တွေသည် တောင်ကတုံး ဖြစ်လာတာကိုတော့ မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောတစ်လျောက် ဆန်တက်လာရင်  သတိပြုမိကြမှာပါ။ ချင်းတွင်းမြစ်အထက်ပိုင်းရောက်လေ ပိုပြီး တောင်ကတုံးတွေကိုတွေ့ရလေပါပဲလေ။

သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းနိုင်ဖို့အတွက် သစ်ခုတ်/သစ်ထုတ်လုပ်ငန်းကို ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်မှုလျော့ချခဲ့ပြီး စိမ်းလန်းစိုပြေရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြတယ်။

အလားတူ ရွှေမျောလုပ်ကိုင်ခွင့်တွေကို လျော့ချမပေးနိုင်တောင် တိတိကျကျသတ်မှတ်နေရာချပေး လုပ်ကိုင်ခွင့်ပြုမယ်ဆိုရင် နည်းနည်းတော့ သာယာလှပ လာပါလိမ့်မည်ဖြစ်ကြောင်း ထင်မြင်ယူဆမိပုံကို
ရွှေမျော လုပ်ကိုင်နေကြတဲ့လုပ်ငန်းခွင်တစ်ခုပါ ဗဟုသုတ အဖြစ်သိရှိနိုင်ကြရန် ရေးသားဖော်ပြလိုက်ပါတယ်။
(အလင်္ကာည)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

How to get the Golds? -part-1

မြေပြန့်သည် တောင်ဖြစ်သွား၍
တောတောင်များသည် မြေပြန့်ဖြစ်သွားသော နေရာများ



မြေပြန့်သည် တောင်များဖြစ်၍
တောတောင်များသည် မြေပြန့်ဖြစ်သွားသော နေရာများ





လူတော်တော်များများကပြောကြတယ် သစ်ခုတ်တာက သဘာဝပါတ်ဝန်းကျင် ပျက်စီးတယ်။
အော် ဒါဆို အခုလို ရွှေမျောတိုက်တာကြတော့ ကော သဘာဝပါတ်ဝန်းကျင်မပျက်စီးဘူးလား
အမှန်တော့ ပျက်စီးတာခြင်းတူတူပင်ဖြစ်သော်လည်း သစ်ခုတ်ပြီးသွားတဲ့နေရာမှာ သစ်ပင်ပြန်စိုက်လို့ရပါတယ်။ သို့သော် ရွှေမျောတိုက်ပြီးတဲ့နေရာမှာ သစ်ပင်ပြန်ပေါက်ဖို့တော့ မလွယ်တဲ့ကိစ္စပါ
သစ်ခုတ်တာကို တားမြစ်တယ် သဘာဝပါတ်ဝန်းကျင်ထိခိုက်လို့. လက်ခံပါတယ်
ရွှေမျောလုပ်တာကိုကျတော့ တားမြစ်ပိတ်ပင်သံ သိပ်မကြားရဘူး
ရွှေမျောလုပ်မယ် ဌာနကို ပေးမယ်
စစ်ဆေးတဲ့လူလာမယ်ဆိုရင် ရွှေမျောသမားတွေကိုအကြောင်းကြားမယ်
ရံဖန်ရံခါ ရွှေမျောထဲကိုအဖမ်းပြတယ် ပြီးရင် ပိုက်ဆံပေး လွှတ်လိုက်လေသတည်း။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရှုမျှော်ကာငေး ကျောက်ဖြူမြို့အလှလေး

ကျွန်တော်က ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပါ…/လုပ်ငန်းတာဝန်ကျရာနေရာတွေကို သွားနေရတာပါပဲ
အခုလည်းကြည့်………..
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ Myanmar-China Gas Pipeline လုပ်ငန်း Project မှာ ကျွန်တော်တို့ ကုမ္ပဏီက CNPC Oil and Gas Transportation Management Office ကို တာဝန်ယူတည်ဆောက်နေတဲ့ Company တစ်ခုပါ… အဲ့ဒီလိုနဲ့ ကျွန်တော်လည်း ကျောက်ဖြူကို ရောက်လာတော့တာပါ…….
အဖေက ကရင်၊ အမေက ရခိုင်လူမျိုးဖြစ်တဲ့ မိဘနှစ်ပါးက မွေးလာတဲ့ ကျွန်တော် ကပြားလေးတစ်ယောက် ရခိုင်ပြည်နယ်မှာအလုပ်လုပ်ရမယ်ဆိုတော့ တတ်ကြွဝမ်းသာနေတာပေါ့…….
ရန်ကုန်ကထွက်လာပြီး ရခိုင်ပြည်နယ်ထဲဝင်လာတော့…
မအီဆိုတဲ့ မြို့လေးမှာ ကားခဏရပ်တော့ နေကလည်းပူ…ကားစီးရတာကလည်း အိုက်၊ ရေကလည်းဆာ ဆိုတော့. ဖရဲသီးသည်ကိုတွေ့တော့ ၀ယ်စားမိတယ်…….
အဲ့ဒီမှာစတာပဲ…… “ ဖရဲသီး တစ်စိတ် ဘယ်လောက်လဲမသိဘူး…….တစ်စိတ်ပေးပါ” ဆိုပြီးဝယ်မိတယ်…
ရောင်းတဲ့သူကလည်း ရခိုင်သံဝဲ၀ဲလေးနဲ့ပြန်ဖြေပါတယ်.
“တစ်ပေါက်ကို ၅၀ ပါ” လို့ပြန်ဖြေတော့ ရုတ်တရက် ကျွန်တော်တို့ကြောင်သွားတယ်….ကျွန်တော်တို့လို့ ပြောတာက ကျွန်တော်နဲ့အတူ HSE (Health, Safety and Environment) တာဝန်ထမ်းဆောင်မယ့် ညီတစ်ယောက်လည်းပါတယ်……နှစ်ယောက်စလုံး မင်တက်သွားပါတယ်……..
ဖရဲသီးတစ်စိတ်ကို တစ်ပေါက်လို့ ပြောသွားတဲ့ အသံဝဲ၀ဲလေးနဲ့ ဘာသာစကားဖလှယ်သွားတာကို …..
အဲ့ဒီလိုနဲ့ ကျောက်ဖြုရောက်ပြီး တာဝန်ထမ်းဆောင်လာတာ အခုဆို (၇)လတောင်ကြာမြင့်လာပါပြီ... တာဝန်ထမ်းဆောင်ရင်းနဲ့ ညနေခင်းတစ်ခုမှာ ကျနော်က အလုပ်သမားတွေအခြေအနေကို Site ထဲ သွားကြည့်တော့... အလုပ်သမတစ်ယောက်က ပြောတယ်..
အကို..." အလုပ်မဆင်းသေးဘူးလား...မိုက်လာပြီတဲ့.."
သူဘာပြောလိုက်မှန်းမသိဘူ....အဲ့ဒီထဲက မြန်မာစကားတတ်တဲ့တစ်ယောက်က မိုက်လာပြီဆိုတာ မှောင်လာပြီလို့ပြောတာ လို့သိရတော့... ကျနော်ကိုယ်တိုင်အသံထွက်တောင်ရယ်မိတယ်..
အဲ့ဒီတော့ ကျနော်က သူတို့ပြောတဲ့အတိုင်းပြန်ပြောမိတယ်........"မမိုက်သေးပါဘူးဟာ... စောပါသေးတယ်လို့"
အဲ့ဒီအလုပ်သမလေးကပဲ "မ၀ါနဲ့နော်.." တကယ်မိုက်လာလို့ပြောတာ" ဆိုပြီးထပ်ပြောတယ်
အဲ့ဒီမှာလည်းစကားလုံးတစ်လုံးသိလာရတယ်...၀ါ = လိမ်ညာပြောဆိုခြင်း ပေါ့.......
ဒီလိုနဲ့ ကျောက်ဖြူမှာ နေသားကျလာတော့ သူတို့ရဲ့ ရခိုင်စကားဝဲသံတွေလည်းနားယဉ်လာပြီး
ကျောက်ဖြူမြို့ရဲ့အကြောင်း ဗဟုသုတအနေဖြင့် တစ်စေ့တစောင်းပြောပြချင်တာကြောင့် ဖော်ပြရေးသား လိုက်ပါတယ်.
အလင်္ကာည
၂၀၁၂ခုနှစ်၊ ဇွန်လိုင်လ(၁၅)ရက်
+++++++++++++++++++++++++++++
ကျောက်ဖြူမြို့သည် ရခိုင်ပြည်နယ်ရှိ ရမ္မာဝတီခေါ် ရမ်းဗြဲကျွန်း၏ မြောက်ဘက်ဖျားရှိဘင်္ဂလာကမ်းခြေအနီးတွင် တည်ရှိနေသော မြို့တစ်မြို့ဖြစ်ပေသည်။ ရှေးအခါက ရခိုင်ပြည်ကြီးတွင် ၀တီလေးရပ်အပါအ၀င် တိုင်းကြီး(၁၂) တိုင်း ရှိခဲ့ဘူးပါသည်။ ထိုတိုင်းများထဲတွင် ရမ္မာဝတီ (ခေါ်) ရမ္မာပူရကျွန်းလည်း တိုင်းတစ်ပါးအဖြစ်ပါဝင်ခဲ့လေ သည်။ (ဤရမ္မာပူရကျွန်းအား နောက်တစ်နည်းအဆိုအရ ကဿဖဘုရားသခင်လက်ထက်တော်အခါက တစ်ပါးသော နေ့တစ်နေ့တွင် ဘုရားသခင်သည် ရဟန္တာများနှင့် ကောင်ကင်စံခရီးကြွတော်မူရာတွင် ရခိုင်ပြည် ၏ အလယ်ဗဟိုကျသောာ ပင်လယ်ထဲတွင် ၀မ်းဘဲငှက် ပုံသဏ္ဍာန်ရှိသော ကျွန်းငယ်တစ်ခုပေါ်သို့ ဆင်းသက် ရပ်နားတော်မူပြီး၍ ကျွန်းငယ်အား နောင်တွင် ၀မ်းဘဲကျွန်း ဟုအမည်တွင်အံ့ဟူ၍ ဖျာဒိတ်ထားခဲ့တော်မူသည် ။ ယခုကာလကြာရှည်လာခြင်းကြောင်း ရမ်းဗြဲကျွန်းဟူ၍ ပြောင်းရွှေ့ခေါ်ဆိုကြကြောင်း အဆိုရှိခဲ့လေသည်။)
၁၈၂၄-၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာတို့ ပထမအကြိမ်စစ်ပွဲကြီးဖြစ်ပွားရာတွင် ရခိုင်ပြည်အား အင်္ဂလိပ်တို့ သိမ်းယူရရှိပြီးနောက် လေးခရိုင်ပြုလုပ် အုပ်ချုပ်ခဲ့လေသည်။
(၁) စစ်တွေခရိုင်
(၂) အမ်းခရိုင်
(၃) ရမ်းဗြဲခရိုင် နှင့်
(၄) သံတွဲခရိုင်များပင်ဖြစ်ပေသည်။
၁၈၃၇ ခုနှစ်တွင် အမ်းခရိုင်ကို ဖျက်သိမ်းလိုက်ပြီး ကျောက်ဖြူခရိုင်အဖြစ် ပြောင်းယူအုပ်ချုပ်ခဲ့လေသည်။
၁၈၅၂ ခုနှစ်တွင် ရမ်းဗြဲခရိုင်ကိုဖျက်သိမ်းပြီး အမ်းခရိုင်နှင့် ရမ်းဗြဲခရိုင် နှစ်ခုကို တစ်ခုတည်းအဖြစ်ပူးပေါင်း၍ ကျောက်ဖြူခရိုင်အဖြစ် ပြုလုပ်အုပ်ချုပ်ခဲ့လေသည်။ ကျောက်ဖြူမြို့ဟု ခေါ်တွင်ရခြင်းမှာ လှပဖြူဖွေးသော ကျောက်စရစ်လုံးများ ပေါများစွာရှိခြင်းတို့ကြောင့် ကျောက်ဖြုမြို့ဟု အမည်ပေးခဲ့ခြင်းဖြစ်ပေ သည်။ ကျောက်ဖြူမြို၏ အကျယ်အ၀န်းမှာ အလျား(၂)မိုင် ၊ အနံ(၁)မိုင်ခွဲခန့်ရှိပါသည်။ မြေမျက်နှာပြင်မှာ တောင်ကုန်း များ၊ ချိုင့်ဝှမ်းများ မရှိဘဲ ညီညာပြန့်ပြူးလျှက်ရှိပါသည်။
***************
ရန်ကုန်မှလာသော် ကျောက်ဖြူမြို့သို့မရောက်ခင်…. (ကျောက်ဖြူ-ရမ်းဗြဲလမ်းမကြီး) ကံကော်တောဘုရားသို့ ဖူးရန် လမ်းညွှန်ဆိုင်းဘုတ်လေးကို တွေ့ရပါလိမ့်မယ်… (အခုတော့ ၄င်းလမ်းမကို Myanmar-China Gas Pipeline Project သို့ သွားသော Main လမ်းအဖြစ် ကားမျိုးစုံဖြင့် ၀င်ထွက်သွားလာနေကြပါသည်။)
အခါကြီးရက်များ၊ ဥပုသ်ရက်များတွင် ကံကော်တောဘုရားတွင် ဖူးမြော်သူလူများစည်ကားလှပါသည်။ မြို့လုံးကျွတ် လာရောက်ကြသလို နီးစပ်ရွာ ရွာများပါမကျန် ဘုရားပေါ်တွင် စည်ကားလှပါသည်။ ရှေးအခါက ၄င်းနေရာတစ်ဝိုက်တွင် ကံကော်ပင်များမှလွဲ၍ တစ်ခြားမည်သည့်အပင်မျှ မပေါက်ခဲ့ကြောင်းနှင့် ရာပေါင်းများစွာ သော ကံကော်ပင်များသာ ပေါက်ရောက်ခဲ့သောကြောင့် ကံကော်တော ဟု ရှေးယခင်က ခေါ်ဝေါ်သမုတ်ခဲ့ကြ ပေသည်။ ယခုတွင့် လေပြင်းမုန်တိုင်းဒဏ်အကြိမ်ကြိမ်ခံရခြင်းအားဖြင့်လည်းကောင်း၊ ထင်းခုတ်ကြသော တောခုတ်သမားများ၏ မဆင်ခြင်ဘဲ ခုတ်ယူဖြုန်းတီးခြင်းတို့ကြောင့် သိမ်တော်ဘက်သို့ ဦးညွတ်နေသော ကံကော်ပင် (၇)ပင်သာ ကျန်ရှိနေပါတော့ကြောင်း သိရှိရပါသည်။

ကံကော်တော်ဘုရားလမ်းထိပ်မှဆက်ပြီးလာသော် ကျောက်ဖြူမြို့အ၀င်မှာ ကျောက်တစ်လုံးဘုရားရှိပါတယ်.. ကျောက်ဂူထဲမှာ ဘုရားတည်ထားတာကို တွေ့ရှိရပါတယ်..ဘုရားဂူထဲဝင်ပြီး စိတ်ငြိမ်အေးချမ်းစွာ တရားထိုင်တဲ့ သူထိုင်နဲ့ အခါကြီးရက်၊ဥပုသ်ရက်တွေမှာ တရားဘာဝနာပွားများနိုင်ပါတယ်။
၎င်းနဲ့မျက်နှာချင်းဆိုင်မှာ ကမ်းခြေအလှတစ်ခုဖြစ် တဲ့ နတ်ကျောက်တောင် ရဲ့ ရှုခင်းအလှကိုလည်း တွေ့ရမှာပါ။ ( ရွာခံတွေရဲ့ ပြောဆိုမှုအရ ကျောက်တစ်လုံးဘုရားမှ နတ်ကျောက်တောင်သို့ သွားတဲ့ ဥမင်လမ်းတစ်ခုရှိကြောင်းနှင့် အရင်တုန်းက ၄င်းလမ်းကို ဖွင့်လှစ်ထားကြောင်း ၊ သို့သော်လည်း ၄င်းလှိုဏ်ဂူအတွင်း အမြင်မတော်သော ချစ်သူစုံတွဲများကြောင့် အခုပြန်လည်ပိတ်ထားရကြောင်း သိရှိရပါသည်။)

နတ်ကျောက်တောင်ကို အဝေးမှ မြင်ရစဉ်။
ကျောက်တစ်လုံးဘုရားကို ဖူးမြော်ပြီးပြီ (သို့) နတ်ကျောက်တောင်မှာ ၀င်ပြီးလည်ပတ်ခဲ့ပြီးရင်ဆိုရင်တော့ နောက်ထပ် (၁၀)မိနစ်လောက် ကားနဲ့ဖြစ်ဖြစ် ဆိုင်ကယ်နဲ့ဖြစ်ဖြစ်ဆက်သွားကြည့်မယ်ဆိုရင် ကျောက်ဖြူမြို့အ၀င်မှာ ခမ်းခမ်းနားနားနဲ့ကြိုဆိုသွားတဲ့ ကျောက်ဖြူမြို့အ၀င်ဆိုင်းဘုတ်ကို တွေ့ရှိရပါမယ်။
(မြို့မှထွက်ခွာသည့်ဘက်မှရိုက်ကူးထားသည့်ပုံ :D :)
အဲ့ဒီရဲ့အနီးအနားမှာ နဒီသောင်ယံ ဥယျာဉ်တစ်ခုရှိပါသေးတယ် အနားယူအပန်းဖြေရင်း ရေကူးမလား၊?? သောင်ပြင်မှာလမ်းလျောက်မလား၊?? ခရုခွံတွေလည်းကောက်ဦးမလား၊??? ဆိုင်ကယ်၊စက်ဘီး၊ကားမောင်းလို့လည်းရနိုင်သေးတယ်နော်၊??? မောလို့ အစာပြေစားသောက်ဖို့ဆိုရင်လည်း ဆိုင်ကလည်း ကပ်လျှက်ပါပဲ။(နည်းနည်းတော့ ဈေးကြီးတာပေါ့ :P)


ကျောက်ဖြူမြို့ရဲ့ ညနေခင်းအလှတစ်မျိုးကိုလည်း ဒီလိုမျိုးကြည့်ရှုခံစားနိုင်တာပေါ့။


တံငါသည်တွေရဲ့ ဘ၀အလှတစ်ခုပါ …
ဆောက်လုပ်လျှက်ရှိသော ကျောက်ဖြုမြို့၏ အမှတ်(၁) ဆိပ်ကမ်းဘောတံတား
ဒါကတော့ ပင်လယ်ထဲကတက်လာတဲ့ ကျောက်ဖြူမြို့က လှည်းကလေးပါ... တစ်ခါတစ်ရံ ပင်လယ်ကထွက်တဲ့ အစားအစာကို သယ်ဆောင်တတ်သလို့ တစ်ခါတစ်ရံ ထင်း၊ ကျောက်ကြီးနဲ့ မျှောတိုင်တွေလည်း သယ်ဆောင်တတ်ပါသေးတယ်

ကျောက်ဖြူမြို့ထဲမှာတော့ ထူးထူးခြားခြားရယ်လို့မရှိပါဘူး။ အကျယ်အ၀န်းပေါ်မူတည်ပြီး ပြည်သာယာဈေးနဲ့စည်ပင်ဈေးရုံ(၂)ရုံ ရှိပါတယ်၊ ဈေးဝယ်ခြမ်းရတာတွေလည်း စိတ်ချမ်းသာပါလိမ့်မယ်။ (ရန်ကုန်ဈေးနဲ့စာရင်တော့ နည်းနည်းတော့ ဈေးကြီးပါတယ်) မြို့လယ်ခေါင်တည့်တည့်မှာ နာရီစင်တစ်ခု ရှိပြီး နာရီစင်ဘေးမှာတော့ အ.ထ.က ကျောင်း (ကျောက်ဖြူ) ကို တွေ့မြင်ရပါလိမ့်မယ်။
ကျောက်ဖြူပညာရေးကောလိပ်ကလည်း နှစ်စဉ် ဆရာ/ဆရာမ တွေကို မွေးထုတ်ပေးနေကြပါသေးတယ်။ ပညာရေးကို မိဘများအလေးထားကြတာကိုလည်း တွေ့မြင်ရပါတယ်။
ဘဏ်အနေဖြင့်တော့ မြန်မာ့စီးပွားရေးဘဏ်(ကျောက်ဖြူ)နဲ့ မွေး/ရေဘဏ် နှစ်ခုရှိပြီး ကျောက်ဖြူမြို့ရဲ့ အဓိကအားထားရာ ငွေလွဲဘဏ်တွေပါ။
ရောက်လည်သူဧည့်သည်တွေတည်းခိုရန်နေရာအတွက်လည်း မပူပင်ရပါဘူး။ Hotel အဆင့်ရှိ တည်းခိုခန်းတွေ မှာလည်း စရိတ်စက သက်သာစွာဖြင့် အထက်တန်းကျကျတည်းခိုနိုင်ပါသေးတယ်။
အပျော်အပါးကြိုက်သူများအတွက် သီချင်းဆိုရန်အခန်းများလည်းရှိပြီး အလှအပရေးရာတွက်လည်း ခေတ်နဲ့အမှီ Beauty Spa တွေရှိတဲ့အပြင် ကျန်းမာရေးလိုက်စားသူများအတွက်လည်း Body Fitness Center တွေလည်းရှိကြပါတယ်။ (ပိုက်ဆံသာရှာတတ်ဖို့လိုပါတယ်နော်)
ဒါ့အပြင် ကျောက်ဖြူမြို့သူမြို့သားတွေ ဟာ အခါကြီးရက်တွေရောက်တိုင်း ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သည်တွေနဲ့ ပြည့်နှက်ပြီး ကုသိုလ် ယူနေကြတာ ကို တွေ့သည့်အပြင် ကြီးငယ်မရွေး ဘာသာတရား လိုက်စားကြတာကို သိရှိခဲ့ရပါတယ်။
ကျောက်ဖြူမြို့ကို လာလည်ရင်တော့ ကားလမ်းအပြင်၊ ရေလမ်းနှင့် လေကြောင်းလိုင်းတို့ဖြင့်လည်း လာရောက်လည်ပတ်နိုင်ပါတယ်။
ကျောက်ဖြူမြို့အပြန် လက်ဆောင်အဖြစ် ငါးမုန့် (ငါးပါပလာ)၊ ပင်လယ်ထွက်ပစ္စည်းများဖြစ်သည့် ငါးခြောက်၊ ပုဇွန်ခြောက် ၊မျှင်ငပိတို့အပြင် ရခိုင်လုံချည်၊ထမီ အစရှိသဖြင့် ဈေးနှုန်းသက်သာစွာ ၀ယ်သူသွားနိုင် ပါသေးကြောင်းနှင့် ကျောက်ဖြူမြို့ကို အချိန်ရမယ်ဆိုရင် အလည် တစ်ခေါက် ဖိတ်ခေါ်လိုက်ပါရစေ။
နောင်နှစ်တွေကြာလာမယ်ဆိုရင် SEZ (Special Economic Zone) ဖြစ်လာမည့် ကျောက်ဖြူမြို့ အတွက်တော့ ဒီထက်မက စည်ကားလာဦးမည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။
++++++++++++++++++++++++
(ကျနော်ရေးတဲ့အကြောင်းအရာတွေဟာ ကျောက်ဖြူမြို့အတွက် ပြည့်စုံချင်မှပြည့်စုံပါလိမ့်မယ်။ ရောက်ရှိနေစဉ် (၇)လကျော် ကာလအတွင်း မျက်မြင်သိရှိထားသမျှကိုသာရေးသားရသည့်အတွက် အမှားအယွင်းများပါရင် နားလည်ခွင့်လွတ်ပေးကြပါ။ သိရှိထားသူများရှိပါက ဖြည့်စွက်ရေးသားပေးကြ ပါ)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS